မြစ်ကြီးနား ၁၁ သြဂုတ်
ကချင်ပြည်နယ်အတွင်း မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များ ဖြစ်ပွားပေါ်ပေါက် လာပါက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များအား ထိရောက်စွာကာကွယ်ပေးနိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများနှင့် မီးသတ်ယာဉ်များ လွှဲပြောင်းပေးအပ်ခြင်းကို သြဂုတ် (၁၀) ရက် မွန်းလွဲ(၁)နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်မီးသတ်ဦးစီးဌာနထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က ဖားကန့်ဒေသအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များတွင် မီးသတ်ဦးစီးဌာနအနေဖြင့် ကူညီကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးဝတ်စုံ (၇၀)၊ Life Jacket အစုံ (၇၀)၊ ေရာ်ဘာလေသွင်းလှေ (၄)စီး၊ Stretcher (၆)ခု၊ ဖိုက်ဘာအသက်ကယ်ဘောကွင်း (၅၀)၊ အသက်ကယ်ကွင်းနှင့် အသက်ကယ်ကြိုးများအား ပြည်နယ်မီးသတ်ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဇော်ဝင်းထွန်းထံ လွှဲ ပြောင်းပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အတွက် ဝယ်ယူဖြည့်ဆည်းပေးခဲ့သော ရေဂါလန် (၈၀၀)ဆံ့ မီးငြှိမ်းသတ်ယာဉ် (၅)စီး၊ ရေဂါလန်(၁၆၀၀) ဆံ့ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး စုစုပေါင်းမီးသတ်ယာဉ် (၉)စီးတို့နှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်များ၏ စွမ်းရည်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ယခု လွှဲပြောင်းပေးအပ်သော မီးသတ်ယာဉ်များမှာ ပြည်နယ်အစိုးရအဖွဲ့မှ ရန်ပုံငွေဖြင့် ဝယ်ယူ ပေးခဲ့ခြင်းဖြစ်ပြီး ရေဂါလန် (၈၀၀)ဆံ့ မီးငြှိမ်းသတ်ယာဉ် (၅)စီးကို ပြည်နယ်မီးသတ်ဦးစီးဌာနရုံး၊ မြစ်ကြီး နားမြို့နယ် လယ်ကုန်းနယ်မြေမီးသတ်စခန်း၊ ပူတာအိုခရိုင်၊ ဝိုင်းမော်မြို့နယ်နှင့် အင်းတော်ကြီးဒေသ လွဲမွန်ကျေးရွာတို့အတွက် တစ်စီးစီနှင့် ရေဂါလန် (၁၆၀၀)ဆံ့ ရေသယ်ယာဉ်များကို ပြည်နယ်ရုံး၊ ပူတာအို ခရိုင်နှင့် မိုးညှင်းခရိုင်တို့အတွက် (၁)စီးစီနှင့် ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီးကို မိုးညှင်းခရိုင်အတွက် ဖြစ်ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်