မန့်ဟီးရိုး    ၁၁    ဩဂုတ်    


နယ်စပ်ဒေသဖြစ်သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့အတွင်း ကောက်ကွက် ကျေးရွာရှိ ဒေသခံပြည်သူများအနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင်     နိုင်ငံသားတိုင်းမဲပေးနိုင်ရန်နှင့် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်အတွက် အသက်(၁၈)နှစ်ပြည့်ပြီး ကိုင်ဆောင် လက်မှတ်မရှိဟု ဖော်ပြထားသူများအား နိုင်ငံသားအသိအမှတ်ပြုလက်မှတ် ဆောင်ရွက်ပေးခြင်းကို ဩဂုတ် ၁၁ ရက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မန့်ဟီးရိုးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး ဦးရဲနိုင်ထွန်းနှင့် ဝန်ထမ်းများက ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်များအမည်စာရင်းကြေညာရာတွင်  ပါဝင်ပြီး ကိုင်ဆောင်လက်မှတ်မရှိဟု ဖော်ပြထားသူများကို ဦးစားပေးအနေဖြင့် ယခုလို လာရောက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းသည်။ 


မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်စန္ဒာဝင်းကလည်း မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်ရန်အတွက် မဲစာရင်းတွင် မိမိအမည် ပါ/မပါ၊ မှန်/မမှန် ကြည့်ရှုစစ်ဆေးကြရန်လိုကြောင်းနှင့် မဲစာရင်းတွင် အမည်မမှန်မပါက  ပုံစံ(၃)၊ ပုံစံ(၄)နှင့် ပုံစံ(၄-ဂ)တောင်းယူပြီး ပြန်လည်လျှောက်ထားကြရန် လိုအပ်ကြောင်းကိုလည်း ဒေသခံပြည်သူများအား ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။          

 
စန္ဒာ(ပြန်/ဆက်)