မိုင်းကိုင်   ၁၁   ဩဂုတ်   

 

ရှမ်းပြည်နယ်တောင်ပိုင်း၊  မိုင်းကိုင်မြို့နယ်၏ ယခု ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်သည် ယခင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ထက် လျော့နည်းမှုရှိကြောင်း သိရသည်။

 

မိုင်းကိုင်မြို့နယ်တွင် ၂၀၁၉ ခုနှစ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ (၈၉)ဦး ရှိသည့်အနက် ၁၉ ဦး ဖြေဆိုအောင်မြင်ပြီး  တစ်မြို့နယ်လုံး၏ အောင်ချက်ရာခိုင်နှုန်းမှာ ၂၁ ဒသမ ၃၅ ရာခိုင်နှုန်းဖြစ်ကာ ၂၀၂၀ ပြည့်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၁၁၃ ဦးအနက် (၁၆)ဦးသာ ဖြေဆို အောင်မြင်ခဲ့ပြီး တစ်မြို့နယ်လုံး အောင်ချက်ရာခိုင်နှုန်းမှာ ၁၄ ဒသမ ၁၆ ရာခိုင်နှုန်းဖြစ်သောကြောင့် ယခင်နှစ်ထက် အောင်ချက်ရာခိုင်နှုန်း ၇ ဒသမ ၁၉ ရာခိုင်နှုန်း လျော့နည်းနေကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို အွန်လိုင်းစနစ်ဖြင့် ပြသခဲ့သည့်အတွက် အောင်စာရင်းများကို အချိန်တိုအတွင်း သိရှိနိုင်သောကြောင့် ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများ ပိုမိုလွယ်ကူ အဆင်ပြေစေကြောင်း သိရသည်။

 

ယခုပညာသင်နှစ်တွင် မိုင်းကိုင်မြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်းခွဲ(၃)ကျောင်း ရှိလာပြီး အထက်တန်းအဆင့် ကျောင်းများအားလုံးကို ဖွင့်လှစ်သင်ကြား နေပြီဖြစ်သောကြောင့် ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း အခြားမြို့များသို့ သွားရောက်သည့် ဦးရေ လျော့နည်းပြီး မိမိမြို့နယ်အတွင်းတွင်သာ ပိုမိုတက်ရောက်လာကြသောကြောင့်  အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ ဦးရေမှာ ယခင်နှစ်များထက် ပိုမိုများပြားလာပြီး  ပညာရေးဌာနမှ တာဝန်ရှိသူများ  ကျောင်းအသီးသီးမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများကလည်း  ကျောင်းသား ကျောင်းသူများ  ရောဂါအန္တရာယ်ကင်းဝေး၍  ပညာသင်ကြားနိုင်စေရေး  တစိုက်မတ်မတ် ကြိုးစားဆောင်ရွက်နေကြကြောင်း  သိရသည်။

 

နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)