ကော့မှူး ၁၁ ဩဂုတ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ၊ မျိုးသုဉ်းပျောက်ကွယ်မှုမရှိစေရေး၊ စားသုံးမှုဖူလုံစေရေး အတွက် ယနေ့ နံနက်က စပါးခင်းများအတွင်း ငါးများစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ရာတွင် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာအေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်ဝင်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးနွယ်ထွန်းမြင့်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက တောင်သူ ဦးမိုးဝင်း၏ ကွင်းအမှတ်(၂၉၃)နှင့် တောင်သူငါးဦး၏ လယ်များအတွင်း ငါးခုံးမ ကောင်ရေ (၁)သိန်းကို စုပေါင်းစိုက်ထည့်ပေးခဲ့ကြသည်။
ကော့မှူးမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် တောင်သူများစပါးရိတ်သိမ်းချိန်တွင် မိသားစု အပိုဝင်ငွေ ရရှိစေရန်နှင့် စပါးခင်းအတွင်း ကျရောက်သော ပိုးမွှားများအန္တရာယ်ကင်းဝေးစေရေး အတွက် နှစ်စဉ် ငါးမျိုးစိုက်ထည့်ပေး နေခြင်းဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးနွယ်ထွန်းမြင့်က ပြောကြားသည်။
ကျော်သူရ(ပြန်/ဆက်)