၁၁ ဩဂုတ်
နယူးဇီလန် နိုင်ငံတွင် ယနေ့ ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ တစ်ဦး တွေ့ရှိရာ ယခုအချိန်ထိ ကူးစက်ခံရသူ အရေအတွက် ၂၂ ဦး ရှိလာကြောင်းနှင့် ၎င်းတို့အားလုံးမှာ သီးခြားထားခြင်း သို့မဟုတ် သီးသန့်ကန့်သတ်ထားရာ နေရာများတွင် နေထိုင်နေသူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။
ယနေ့ တွေ့ရှိခဲ့သော ကိုဗစ်-၁၉ ကူးစက်သူ တစ်ဦးမှာ မဲလ်ဘုန်းမြို့မှ နယူးဇီလန် နိုင်ငံသို့ ဇူလိုင် ၃၀ ရက်နေ့တွင် ရောက်ရှိလာသော အသက် ၂၀ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ကြောင်း ကျန်းမာရေးဌာန ညွှန်ကြားရေးမှူးချုပ် အက်ရှလေဘလွန်းဖီးက သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။
ထိုသူသည် ဂရန်း မီလန်နီယမ်တွင် သီးခြားနေထိုင်ခဲ့ပြီး သုံးရက်မြောက်နေ့တွင် ၎င်းကို စမ်းသပ်စစ်ဆေးခဲ့ရာ ကူးစက်မှု မရှိခဲ့ပေ။
၁၂ ရက်မြောက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည်ကို တွေ့ရှိခဲ့ပြီးနောက် ၎င်းကို အော့ကလန် သီးသန့်ကန့်သတ်ထားရာ နေရာသို့ ရွှေ့ပြောင်းထားခဲ့သည်ဟု ဘလွန်းဖီးက ဆိုသည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း ၁၂၂၀ ဦး ရှိလာသည်ဟု အတည်ပြု ဖော်ပြထားသည်။ မည်သူတစ်ဦးတစ်ယောက်မျှ ဆေးရုံတက် ကုသမှုခံယူရခြင်း မရှိကြောင်း ၎င်းက ပြောကြားသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဖြစ်ပွားနေသော စိန်ခေါ်မှု အခြေအနေတွင် ကျန်းမာရေး ဝန်ဆောင်မှုများကို ဆက်လက် လုပ်ဆောင်ပေးနေသော ရှေ့တန်းဝန်ဆောင်မှု လုပ်ဆောင်သူများကို ကျေးဇူးတင်ကြောင်း ဘလွန်းဖီးက ထပ်မံပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
