မိုင်းဆတ်   ၁၁   ဩဂုတ်

 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခွေးရူးရောဂါ ကာကွယ်တားဆီးရေး အသိပညာပေး လက်ကမ်း စာစောင်များကို ယနေ့ နံနက် ၇ နာရီက မြို့မယာယီပျံကျဈေးတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

 

ခွေးရူးရောဂါနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်စေရန်နှင့် ခွေးရူး ရောဂါ ကာကွယ်ရေး သိကောင်းစရာများကို ကြိုတင်ကာကွယ်မှုပြုလုပ်နိုင်ရန် ရည်ရွယ်၍ ဖြန့်ဝေပေးရခြင်း ဖြစ်ကြောင်း ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာနိုင်ထွန်းဦး က ပြောသည်။

 

 

အဆိုပါ ခွေးရူးရောဂါကာကွယ်တားဆီးရေး အသိပညာပေးလက်ကမ်းစာစောင်တွင် ခွေးရူးရောဂါ ကူးစက် ခံရနိုင်သည့် နည်းလမ်းများ၊ ခွေးရူးရောဂါဖြစ်နေကြောင်း ခွဲခြားသိနိုင်သည့်နည်းလမ်းများ၊ လူတွင် ခွေးရူး ရောဂါ ကူးစက်ခံရပါက ဖြစ်ပေါ်တတ်သော ရောဂါလက္ခဏာများ၊ ခွေးကိုက်ခံရပါက ခွေးရူးပြန်ရောဂါ မဖြစ်ပွားအောင် ကာကွယ်နိုင်သော နည်းလမ်းများ၊ ခွေးကိုက်ခံရပြီးပါက ခွေးရူးရောဂါကာကွယ်ဆေး မဖြစ်မနေ ထိုးရမည့်အခြေအနေများ၊ အိမ်တွင်မွေးမြူထားသော ခွေး/ကြောင်များ ခွေးရူးရောဂါမှ ကြိုတင် ကာကွယ်သောနည်းလမ်းများ၊ သတိပြုလိုက်နာရမည့်အချက်များ၊ ခွေးရူးရောဂါကာကွယ်ဆေး ထိုးပေးနိုင်ရန် ဆက်သွယ်ရမည့်လိပ်စာနှင့် ဖုန်းနံပတ်များ ပြည့်စုံစွာပါရှိကြောင်း သိရသည်။

 

 

ထိုသို့ ဖြန့်ဝေရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာ နိုင်ထွန်းဦး၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာစောထက်ဝင်းနှင့် ဝန်ထမ်းများက မြို့မယာယီပျံကျဈေးရှိ ဈေးရောင်းသူ ဈေးဝယ်လာသူများနှင့် လူစည်ကားရာ လက်ဖက်ရည်ဆိုင်တို့တွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

 

မြင့်မောင်(ပြန်/ဆက်)