မင်းဘူး ၁၁ ဩဂုတ်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ၃၅၆၅ ဦးရှိပြီး အောင်မြင်သူ ၁၂၂၀ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
“၂၀၁၉ ခုနှစ် မတ်လမှာ စာစစ်ဌာန ၆ ခုနဲ့ကျင်းပခဲ့ပြီး စာရင်းရှိ ၃၇၈၈ ဦး၊ လာရောက်ဖြေဆိုသူ ၃၅၆၅ ဦးနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖြေဆိုရန် ပျက်ကွက်သူ ၂၂၃ ဦး ရှိပြီးတော့ ဖြေဆို အောင်မြင်သူက ၁၂၂၀ ရှိပါတယ်။ အဲဒီဖြေဆို အောင်မြင်သူတွေထဲကမှ ခြောက်ဘာသာဂုဏ်ထူးက ၃ ဦး၊ ငါးဘာသာဂုဏ်ထူးက ၃ ဦး၊ လေးဘာသာဂုဏ်ထူးက ၄ ဦး၊ သုံးဘာသာဂုဏ်ထူးက ၂၇ ဦး၊ နှစ်ဘာသာဂုဏ်ထူးက ၂၃ ဦးနဲ့ တစ်ဘာသာဂုဏ်ထူးက ၁၄၇ ဦး စုစုပေါင်း ဂုဏ်ထူးရရှိသူ ၂၀၇ ဦးရှိတယ်” ဟု မြို့နယ်ပညာရေးမှူး ဦးကြည်လွင် က ပြောသည်။
မင်းဘူး(စကု)မြို့နယ်အတွင်း ယခုနှစ်အောင်ချက် ၃၄ ဒသမ ၂၂ ရာခိုင်နှုန်းဖြစ်ပြီး ဖြေဆို အောင်မြင်သူမရှိသည့် ကျောင်းတစ်ကျောင်းလည်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မောင်မောင်(မင်းဘူး)