မိတ္ထီလာ ၁၁  သြဂုတ်

 

မန္တလေးတိုင်းဒေသကြီး ၊မိတ္ထီလာမြို့နယ်အတွင်းရှိ Village Revolving Fund Project(VRFP) စီမံကိန်း ဆောင်ရွက်မည့် ကျေးရွာ (၁၇)ရွာသို့ စီမံကိန်းရန်ပုံငွေ သိန်း (၄၀ဝ၀) လွှဲပြောင်းပေးအပ်ပွဲကို သြဂုတ် ၁၁ ရက် နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

mdn

 

စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းက အမှာစကားပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်သူများ လူမှုစီးပွား ထိခိုက်မှုများ ဖြစ်ပေါ်နေပြီး တောင်သူများ၊ အသေးစားစီးပွားရေး လုပ်ကိုင်နေသူများအနေဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်နှင့် တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် Village Revolving Fund Project (VRFP) စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စီမံကိန်း ရန်ပုံငွေများ ပေးအပ်ရာတွင် ကျေးရွာအတွင်းရှိ အိမ်ခြေ အနည်းအများအလိုက် ရန်ပုံငွေများကို ပေးအပ်ခြင်းဖြစ်ကြောင်း  ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စိုးဝတ်ရည်မောင်နှင့် တာဝန်ရှိသူတို့က မြို့နယ်အတွင်းရှိ Village Revolving Fund Project (VRFP) စီမံကိန်း ဆောင်ရွက်မည့် ကျေးရွာများမှ ကော်မတီဝင်များအား ရန်ပုံငွေများ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မိတ္ထီလာမြို့နယ်တွင် Village Revolving Fund Project(VRFP)စီမံကိန်းကို ဖိုးပျော်တော၊ အိုးအိုင့်ကုန်း၊ ကြိုးစု၊ အိုင့်ကုန်း၊ သဘွတ်ကုန်း၊ ဆူးရစ်တန်း၊ လက်ပံ့အိုင့်၊ ရွာသစ်၊ ဖက်တော၊ ဝါးရုံစု၊ ဥသျှစ်ကုန်း၊ အုတ်ဖို၊ ကန်နီအရှေ့ ၊ကံခြားမြောက်၊ ထနောင်းပင်တဲ၊ သံဘို၊ ဂွေးတောက်ကန် ကျေးရွာများတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)