နမ္မတူ ၁၁ ဩဂုတ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နမ္မတူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မူးယစ်ဆေးဝါးပပျောက်ရေး စီမံကိန်းဒေသများတွင် အသက်မွေး ဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးအထောက်အကူပြု ပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခြင်းအားဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်၊ တစ်ပိုင်တစ်နိုင် မွေးမြူရေး လုပ်ငန်းမှ စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းသို့ တိုးတက်မွေးမြူ ထုတ်လုပ်လာစေရန်၊ တိရိစ္ဆာန် ကူးစက်ရောဂါ များအား ကြိုတင်ကာကွယ်နိုင်ရန်နှင့် မွေးမြူရေးအသိပညာ ဗဟုသုတများပိုမိုသိရှိနားလည်လာစေရန် ရည်ရွယ်၍ မွေးမြူရေးဆိုင်ရာ ပညာပေးသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဩဂုတ် ၁၀ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မွေးမြူရေးဆိုင်ရာ ပညာပေးသင်တန်းအား နမ္မတူမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဌာနမှူး ဒေါက်တာစိုင်းအောင်ဖြူဦးက ဝက်မွေးမြူရေး သိကောင်းစရာများကို လည်းကောင်း၊ ကြက်မွေးမြူ ရေး သိကောင်းစရာများကို လည်းကောင်း၊ ကျွဲ/နွားနှင့် သိုး/ဆိတ် မွေးမြူရေး သိကောင်းစရာများကို လည်းကောင်း၊ တိရိစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် သိကောင်းစရာများနှင့် အာဖရိက ဝက်အပြင်းဖျားရောဂါ (ASF)အကြောင်း သိကောင်းစရာများကို လည်းကောင်း အသိပညာပေး သင်တန်းပို့ချခဲ့ရာ ပန်လုံကျေးရွာမှ ဒေသခံပြည်သူ (၂၀)ခန့် သင်တန်းတက်ရောက်ခဲ့ကြသည်။
အလားတူ နမ္မတူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဇူလိုင်လအတွင်း မွေးမြူရေးဆိုင်ရာ ပညာ ပေးသင်တန်းအား ကြူဆော့(IDP)စခန်း၊ ကချင်(IDP)စခန်း၊ လီဆူး(IDP)စခန်း၊ ခိုဖိတ်ကျေးရွာနှင့် မန်စံကျေးရွာတို့တွင် (၅)ကြိမ် သင်တန်းဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ သင်တန်းသား သင်တန်းသူ (၆၀)ခန့် တက်ရောက်ခဲ့ကြောင်းနှင့် တိရိစ္ဆာန်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေးကုသပေးခြင်း၊ ဝက်ခြံများ ကို ပိုးသတ်ဆေးများဖျန်းပေးခြင်းနှင့် ပိုးသတ်ဆေးများ ဖြန့်ဝေပေးခြင်းလုပ်ငန်းများအား စဉ်ဆက်မပြတ် ကွင်ဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဌာနမှူး ဒေါက်တာ စိုင်းအောင်ဖြူဦးထံမှ သိရသည်။
လူမော်(ပြန်/ဆက်)