၁၁ ဩဂုတ်
လက်ဘနွန် အစိုးရအဖွဲ့ နုတ်ထွက်ကြောင်း ဝန်ကြီးချုပ် ဟာဆန် ဒီယက်က တနင်္လာနေ့မှာ ကြေညာ လိုက်ပါတယ်။ ဘေရွတ်မြို့က အကြီးအကျယ် ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အစိုးရ အဖွဲ့ကို နုတ်ထွက်ပေးရန် ဆန္ဒပြနေတာ ခြောက်ရက် ရှိနေပြီ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဒီယက်က ရုပ်မြင်သံကြားမိန့်ခွန်း အဆုံးပိုင်းမှာ အစိုးရ နုတ်ထွက်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ နုတ်ထွက်ကြောင်း ကြေညာအပြီး လမ်းမတွေရှိ ကားတွေရဲ့ ဟွန်းသံတွေနဲ့ ဆူညံသွားခဲ့ပါတယ်။
ဝန်ကြီးချုပ်ရဲ့ အစိုးရ နုတ်ထွက်ကြောင်း မကြေညာခင်မှာ ဝန်ကြီး လေးဉီးဟာ အစိုးရအဖွဲ့မှာ တာဝန် ထမ်းဆောင်ခြင်း မလုပ်ချင်တဲ့အတွက် နုတ်ထွက်ခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် လွှတ်တော် အမတ် အနည်းဆုံး ၉ ဦးနဲ့ ဘေရွှတ် စည်ပင်သာရေး ကော်မတီရဲ့ ထိပ်တန်း အဖွဲ့ဝင် ၂ ဦးကလည်း ဆန္ဒပြတဲ့ အနေနဲ့ နုတ်ထွက်ခဲ့ပါတယ်။
ဝန်ကြီးချုပ် ဒီယက်ရဲ့ နုတ်ထွက်စာကို သမ္မတ မီရှဲအောင်း က လက်ခံပြီး အစိုးရသစ် မဖွဲ့နိုင်သေးခင်မှာ ယာယီ တာဝန်ယူပေးရန် ပြောဆိုပါတယ်။ ဒီယက်ဟာ ဒီနှစ် ဇန်နဝါရီလကမှ ဝန်ကြီးချုပ် တာဝန် ရယူခဲ့တာ ဖြစ်ပါတယ်။
လက်ဘနွန် အစိုးရ နုတ်ထွက်တာနဲ့ ပတ်သတ်ပြီး ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးက လက်ဘနွန်မှာ အစိုးရ ပြုပြင်ပြောင်းလဲရေးနဲ့ အုပ်ချုပ်ရေး ပြောင်းလဲမှုကို မြင်ရတော့မှာ ဖြစ်ကြောင်းနဲ့ အစိုးရသစ် ကလည်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုကို ပြည်သူတွေအား သက်သေပြဖို့တော့ လိုတယ်လို့ ပြောပါတယ်။
ဘေရွတ် ဆိပ်ကမ်းက ပေါက်ကွဲမှုကြောင့် အနည်း ၁၆၀ သေဆုံး၊ ၆,၀၀၀ ဒဏ်ရာရရှိပြီး ၂၀ ပျောက်ဆုံးနေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါပေမယ့် ဘေရွတ်မြို့ အုပ်ချုပ်ရေးမှူး မာဝမ် အက်ဘူဒ်ကတော့ သေဆုံးသူ ၂၂၀ ရှိပြီး ပျောက်ဆုံးနေသူ ၁၁၀ ရှိကြောင်း၊ ပျောက်ဆုံးနေသူတွေထဲမှာ နိုင်ငံခြားသား အလုပ်သမားတွေနဲ့ ကုန်ကားမောင်းသူတွေ အများအပြား ပါဝင်ကြောင်း ပြောပါတယ်။
ပေါက်ကွဲမှု ဖြစ်ထားတဲ့ နေရာမှာ နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့တွေက အနံ့ခံ ခွေးတွေနဲ့ ရှာဖွေရေး အထူးပြု ကိရိယာတွေ သုံးစွဲပြီး ရှာဖွေနေရာ အသက်ရှင်သူ မတွေ့သေးဘဲ အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရပါတယ်။
အရင်က မြေဩဇာအဖြစ် အသုံးပြုခဲ့တဲ့ အမိုနီယမ် နိုက်ထရိတ် တန်ချိန် ၂,၇၅၀ ကို ဆိပ်ကမ်းမှာ ဘာကြောင့် သေချာလုံခြုံစွာ မထားခဲ့ဘဲ ၆ နှစ်ကြာ ပစ်ထားခဲ့တာလဲ ဆိုတာ လက်ဘနွန် ပြည်သူတွေက မေးခွန်းထုတ် နေကြပါတယ်။
ပေါက်ကွဲမှုကြောင့် ပျက်စီးပစ္စည်း တန်ဖိုး အမေရိကန် ဒေါ်လာ ၃ ဘီလီယံနဲ့ စီးပွားရေး ဆုံးရှုံးမှု အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ တန်ဖိုးရှိကြောင်း တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။
MDN
ကိုးကား- AFP