နတ်မောက် ၁၁ ဩဂုတ်
မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော နတ်မောက် မြို့နယ် သမှုန်းကုန်းကြီးကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဖွင့်လှစ်သော (စားသောက်ကုန်) လက်တွေ့လုပ်ငန်းခွင်သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီက သမှုန်းကုန်းကြီး ကျေးရွာ ရန်မျိုးအောင်ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းဗိုလ်က (CERP) အစီအစဉ်အရ စီးပွားရေးလုပ်ငန်းတွေ မလုပ်နိုင်၍ အသွားအလာကန့်သတ်ထားတဲ့ အတွက်ကြောင့် ဝင်ငွေလျော့နည်းမှုဖြစ်လာတယ်။ ကျေးလက်နေပြည်သူတွေလည်း တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်နိုင်အောင် တန်းဖိုးမြင့်စားသောက်ကုန် လက်တွေ့သင်တန်းတွေကို ယခုလို ကျင်းပပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးဦးဆန်းဦးက သင်တန်း ဖွင့်လှစ်ပေးသည့် အတွက် ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
ဆက်လက်၍ Covid-19 စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဖွင့်လှစ်သော (စားသောက်ကုန်) လက်တွေ့ လုပ်ငန်းခွင်သင်တန်းတွင် တက်ရောက်ခဲ့သည့် သင်တန်းသူ ၃၀ အား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းသူများ ပြုလုပ်ထားသည့် ဖျော်ရည်အမျိုးမျိုးနှင့် ယိုအမျိုးမျိုးတို့ကို တိုင်းဒေသကြီး ဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုခဲ့သည်။ အဆိုပါသင်တန်းကို ဩဂုတ် ၆ ရက်မှ ၁၁ ရက် အထိ သင်တန်းနည်းပြဆရာမ(၂)ဦးဖြင့် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
လှဝင်း(နတ်မောက်)