ကော့သောင်း ၁၁ သြဂုတ်
ကော့သောင်းခရိုင်အတွင်း ဩဂုတ်လပထမပတ်တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခက်မှုကြောင့် သဘာဝ ဘေးဒဏ်သင့်ခဲ့ကြသည့် ကော့သောင်းမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာမှ အိမ်ထောင်စုများအား ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ကူညီမှုလုပ်ငန်းများ လိုက်လံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကော့သောင်းမြို့ပေါ် ရပ်ကွက်များနှင့် ဘန်းကချွန်ကျေးရွာရှိ ပြည်သူများ၏ အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ ကော့သောင်းခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက လေဘေးဒဏ်သင့် အိမ်ထောင်စုများသို့ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများကို သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများရှေ့မှောက်တွင် ပြည်သူများလက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါထောက်ပံ့ကူညီမှုတွင် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် အိမ်ခြေ (၁၃)အိမ်အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် ၇၅၇၇၀၀ နှင့် အိမ်ထောင်စုပေါင်း (၁၃)စုရှိ လူဦးရေ (၅၉)ဦးအတွက် ဆန်ရိက္ခာထောက်ပံ့ငွေကျပ် ၁၂၃၉၀၀၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၈၈၁၆၀၀ အား ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဥမ္မာချို (ခရိုင် ပြန်/ဆက်)