ပန်းတောင်း ၁၁ သြဂုတ်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို သတ်မှတ်ပုံစံအတိုင်း သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ၌ ပြည်သူများ လာရောက်ကြည့်ရှုနိုင်ရေး ပထမအကြိမ်အဖြစ် ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်အထိ ကပ်ထားကြေညာထားလျက်ရှိရာမှ သြဂုတ် ၈ ရက်မှ ၁၄ ရက်အထိ နောက်ထပ် (၇)ရက် ထပ်မံတိုးမြှင့် ကပ်ထားကြေညာ သွားမည်ဖြစ်ကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်းကို ပိုမိုပြည့်စုံမှန်ကန်စေရန်နှင့် မဲဆန္ဒရှင်များမှ လိုအပ်သည့် တောင်းဆိုမှုကန့်ကွက်မှု၊ ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်အတွက် အချိန်ပိုမိုရရှိစေရန် ရည်ရွယ်၍ ရက်ထပ်မံတိုးမြှင့် ကပ်ထားကြေညာခြင်းဖြစ်ပြီး ပန်းတောင်းမြို့နယ်အတွင်း ရပ်ကွက်(၈)ခုနှင့် ကျေးရွာအုပ်စု (၄၁)အုပ်စုရှိ၍ ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် မဲရုံပေါင်း (၁၃၅) ရုံ ရှိကာ၊ အသက် (၁၈) နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၁၃၆၇၇ ဦးရှိကြောင်း သိရသည်။
အဆိုပါမဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုကို မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက ကွင်းဆင်းကြီးကြပ်ပြီး၊ ပြည်သူများအနေဖြင့် မဲဆန္ဒရှင် စာရင်းတွင် မိမိအမည် ပါ၊ မပါ၊ ကိုယ်ရေးအချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ၊ မရှိကို လာရောက်ကြည့်ရှုကြရေး နှိုးဆော်မှုများနှင့် ဆန္ဒမဲပေးပိုင်ခွင့်သူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)