နေပြည်တော် ၁၁ သြဂုတ်
ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး အစီအစဉ်(CERP)ဖြင့် ဆောင်ရွက် သော မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ကို သြဂုတ် ၈ ရက် နံနက် ၈ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်း ကျေးရွာ မိုးစပါး စိုက်ကွင်း ရှင်းလင်းဆောင်၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊သယံဇာတနှင့် ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီး ဦးတင်အောင်၀င်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသနေ တောင်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများတွင် ထိခိုက်နစ်နာမှုများအား ပြန်လည် ကုစားရေး လုပ်ငန်းစဉ်ကို နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ရာတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ အဓိကအခြေခံကဏ္ဍတစ်ရပ်အဖြစ် ပါဝင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ စပါးကျီဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း အသက်မွေးဝမ်းကျောင်း လုပ်ငန်းများတွင် တောင်သူများအနေဖြင့်စိုက်ပျိုးရေးကဏ္ဍကို အားထား လုပ်ကိုင်လျက် ရှိပြီး ကိုဗစ်-၁၉ ကာလအတွင်း တောင်သူလယ်သမားများ၏ အခြေအနေ ပြန်လည် တည့်မတ် စေရေး ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ မျိုးစေ့ထုတ် လုပ်ငန်းအား တပိုင်တနိုင်မှ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်သည်အထိ မျိုးစေ့ထုတ် တောင်သူများအသင်း ဖွဲ့စည်းမှုများဖြင့် ကြိုးစားဆောင် ရွက်ကြစေလိုကြောင်း၊ ကိုဗစ်-၁၉ ကာလ အတွင်း ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး က တောင်သူများကိုယ်စား တောင်သူကိုယ်စား လှယ်တစ်ဦးအား ထောက်ပံ့ငွေများ ပေးအပ်သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကိုဗစ် -၁၉ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) အရ ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ဧက(၆၀) ကို လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် မိုးစပါးသက်လတ် မျိုးများ ယှဉ်ပြိုင်စမ်းသပ်ကွက် ကို လည်းကောင်း၊ ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ စံပြစိုက်ဧက(၄၀၀) စိုက်ခင်းကို လည်းကောင်းအား ကြည့်ရှုအားပေးရာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင်နှင့် တိုင်းဒေသကြီးဦးစီးမှူး ဦးမျိူးဇော် တို့က ရှင်းလင်းပြသကြသည်။
မွန်းလွဲပိုင်းတွင် ဇလွန်မြို့နယ်၊ မေရီလန်းကျေးရွာ၌ ကိုဗစ် -၁၉ စီးပွားရေး ကုစားမှု အစီအစဉ်(CERP)ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း(၂၇ ဒဿမ ၅) ဧကကို လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းခြင်း စံပြကွက်များ၏ ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးပြီး ဒေသနေ တောင်သူများနှင့် ရင်းရင်းနှီး နှီးတွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး၌ (RS to CS) မိုးစပါးမျိုးစေ့ထုတ်ဧက (၉၅၈၅)စိုက်ပျိုးရန် လျာထားစီမံ ထားရှိပြီး ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်(CERP) အပါအဝင် မိုးစပါး မျိုးစေ့ထုတ်(၅၉၆၄)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ယခုနှစ် မိုးစပါးစိုက်ဧက စုစုပေါင်း ဧက (၃၇)သိန်းကျော် စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိပြီး၊ ယနေ့အထိ မိုးစပါးဧက (၃၁) သိန်းကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်