နေပြည်တော် ၁၁ ဩဂုတ်

 

မြန်မာအားကစားအဖွဲ့ချုပ်များနှင့် အခြေခံအားကစားနည်း စနစ်များအကြောင်း  ဟောပြောပို့ချမှုများအား ရုပ်မြင်သံကြားလိုင်းပေါင်းစုံမှ ရိုက်ကူးထုတ်လွှင့် နိုင်ရေးညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အိုလံပစ်အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ညွန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က အခြေခံအားကစားနည်းများကို ရုပ်သံများမှ ဟောပြောခြင်း၊ နည်းစနစ်များ သရုပ်ပြသခြင်း၊ အခြေခံပညာကျောင်းများတွင် ဟောပြောပွဲများ ပြုလုပ်ခြင်း၊ စနစ်တကျသင် ကြားပြသခြင်းများကို ပြုလုပ်မှသာ လူငယ်များငယ်စဉ်မှစ၍ အားကစားနည်းအခြေခံကောင်းများသိရှိပြီး ထူးချွန်သော မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာ မည်ဖြစ်ပါကြောင်း။

 

အားကစားအဖွဲ့ချုပ်များအနေဖြင့် သရုပ်ပြဟောပြောရာတွင် လူငယ်များနားလည်လွယ် နိုင်သည့် အခြေခံနည်းစနစ်များကိုသာ ဦးစားပေးဆောင်ရွက်စေလိုပါကြောင်း၊ သို့မှသာ အခြေခံ ပညာကျောင်းများ၌ နွေ၊ မိုး၊ ဆောင်း အခြေခံအားကစားသင်တန်းဖွင့်လှစ်သင်ကြားရာတွင် ပိုမိုလွယ်ကူလာမည်ဖြစ်ပါကြောင်း။

 

ပထမအဆင့်အနေဖြင့် SEA GAMES မှအောင်မြင်မှုရရှိနိုင်သည့် အားကစားနည်းများကို ပထမဦးစားပေးရွေးချယ်ဆောင်ရွက်စေတာဖြစ်ပါကြောင်း၊ ထိုသို့ ဟောပြောသရုပ်ပြအစီအစဉ် ဆောင်ရွက်ရာတွင် တတ်နိုင်သမျှ မြန်မာ့လက်ရွေးစင်ကစားသမားများကို ထည့်သွင်းအသုံးပြု စေခြင်းဖြင့် လူငယ်ကျောင်းသား/ကျောင်းသူများ လေးစားအားကျအတုယူနိုင်မှာ ဖြစ်ပါကြောင်း၊ ရုပ်သံဌာနများအနေနှင့် အားကစားနည်းတစ်မျိုးကို ထုတ်လွှင့်ပြသနိုင်သည့် အချိန်ပေါ်မူ တည်၍ အဖွဲ့ချုပ်များအနေနှင့် စီစဉ်ဆောင်ရွက်ပြသသင့်ပါကြောင်း အချိန်ကြာမြင့်ပါက အပိုင်း လိုက်ထုတ်လွှင့်ပြသနိုင်ရေး ရုပ်သံအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်စေလိုပါကြောင်း၊ လာရောက် ရိုက်ကူးရာတွင် ရုပ်သံအဖွဲ့များ၊ အဖွဲ့ချုပ်ထောက်ပံ့မှုကိစ္စရပ်များကို အားကစားနှင့်ကာယပညာ ဦးစီးဌာနအနေနှင့် ပံပိုးကူညီသွားမည် ဖြစ်ပါကြောင်း၊ အဖွဲ့ချုပ်များအနေဖြင့် ရိုက်ကူးမှု အစီအစဉ်များကို သေချာစွာအချိန်ယူ ပြင်ဆင်ဆောင်ရွက်ပြီး အဆင်သင့်ဖြစ်မှသာ ဦးစီးဌာနသို့ တစ်ပတ်ကြိုတင်အသိပေးစေလိုကြောင်း ထိုမှတဆင့် ဦးစီးဌာနမှ ရုပ်သံဌာနများချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဟောပြောသရုပ်ပြသမည့် အားကစားအဖွဲ့ချုပ်အသီးသီးမှ ၎င်းတို့၏ အားကစားအခြေခံနည်းစနစ်များ ဟောပြောသရုပ်ပြသမည့် အစီစဉ်များကြာမြင့်နိုင်သည့်အချိန် များကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသော ရုပ်သံဌာနများမှ မိမိတို့ ရုပ်သံဌာနများမှထုတ်လွှင့်ပြသနိုင်သော ရက်များ၊ အချိန်များနှင့် ရိုက်ကူးထုတ်လွှင့်ချင်သော ပုံစံများကို ညှိနှိုင်းဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများမှ အားကစားအဖွဲ့ချုပ်အသီးသီးမှ အခြေခံအားကစားနည်းများ ရုပ်သံ ထုတ်လွှင့်ပြသရာတွင် ပြည်သူများ အခြေခံအားကစားနည်းစနစ်များကို လွယ်ကူရှင်းလင်းစွာ သိရှိနိုင်ရေး၊ လူငယ်ကျောင်းသားများ ကြည့်ရှုနိုင်သည့်အချိန်ပြသနိုင်ရေးနှင့် အခြားလိုအပ်သော အကြံဉာဏ်ကောင်းများကို ဝိုင်းဝန်းဆွေးနွေးအကြံပြုကြပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်