၁၁ ဩဂုတ်

 

အင်ဒိုနီးရှားနိုင်ငံမှာ တရုတ်နိုင်ငံထုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စမ်းသပ်ရန် လူပေါင်း ၁၆၀၀ ပါဝင်ကြောင်း၊ အဲဒီစမ်းသပ်ခြင်းကို ဒီနေ့(အင်္ဂါနေ့)မှာ စတင်တာဖြစ်ပြီး ၆ လကြာ ဆေးရဲ့အကျိုးသက်ရောက်မှုကို လေ့လာသွားမှာလို့ သိရပါတယ်။

 

ဆေးကုမ္ပဏီ Sinovac Biotech ကထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဟာ ကမ္ဘာမှာ ကာကွယ်ဆေးစမ်းသပ်မှု တတိယအဆင့်ကို ရောက်ရှိနေတဲ့ဆေးတွေထဲမှာ ပါဝင်ကြောင်း သိရပါတယ်။ ဆေးစမ်သပ်မှု တတိယအဆင့် သို့မဟုတ် လူသားအပေါ်မှာ စမ်းသပ်ခြင်းဟာ ဆေးထုတ်လုပ်ခွင့် စည်းမျဉ်းအရ ခွင့်မပြုခင် အဆင့်ဖြစ်ပါတယ်။

 

ဘရာဇီးနိုင်ငံက ကျန်းမာရေးဝန်းထမ်း ၉,၀၀၀ အပေါ်မှာလည်း Sinovac Biotech ကထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စမ်းသပ်ခဲ့ပြီး ဖြစ်ပါတယ်။

 

အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာမှာ စတုတ္ထမြောက် လူဦးရေအများဆုံး နိုင်ငံဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရေးမှာ အခက်အခဲရှိနေခဲ့ပါတယ်။ နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၂၇,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၅,၇၀၀ ကျော်ရှိကြောင်း သိရပါတယ်။

 

ကာကွယ်ဆေးဟာ လူတွေအတွက် ဘေးအန္တရာယ်ကင်းပြီး အစွမ်းထက်ခဲ့မယ်ဆိုရင် ကာကွယ်ဆေးအလုံးပေါင်း သန်း ၂၅၀ အထိ ထုတ်လုပ်ဖို့ ရည်ရွယ်ထားကြောင်း အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောပါတယ်။

 

သမ္မတ ဂျိုကို ဝီဒိုဒိုက ဘန်ဒေါင်းရှိ နိုင်ငံပိုင် ဆေးဝါးထုတ်ရေးစက်ရုံကို အင်္ဂါနေ့မှာ သွားရောက်ခဲ့ပါတယ်။ အဲဒီစက်ရုံကနေ ကာကွယ်ဆေးကို ထုတ်လုပ်ပေးနိုင်တယ်လို့ ခန့်မှန်းချက်တွေလည်း ရှိနေပါတယ်။

 

ဆေးဝါးထုတ်လုပ်ရေးစက်ရုံကို သွားရောက်စဉ်မှာ နိုင်ငံသားတွေအားလုံး ကာကွယ်ဆေး မထိုးမပြီးမခြင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးရဲ့ ခြိမ်းခြောက်မှုဟာ မပြီးဆုံးသေးကြောင်း သတိပေးပြောဆိုပါတယ်။

 

MDN

ကိုးကား- AFP

 

mdn