မန္တလေး ၁၁ ဩဂုတ်

 

မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းသည် ယနေ့နံနက်ပိုင်းက အဖွဲ့ဝင် ဦးသန်းမြင့်(မန္တလေးခရိုင်တာဝန်ခံ)နှင့် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်ကျော်စိုးတို့နှင့်အတူ မန္တလေး ၅ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

 

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မန္တလေးခရိုင်အတွင်း မြို့နယ် ၅ မြို့နယ်ဖြစ်သည့် အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်မြို့နယ်များရှိ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများသို့ သွားရောက်ကာ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားမှုအခြေအနေ နေ့စဉ်လာရောက်ကြည့်ရှုကြသည့် မဲဆန္ဒရှင်စာရင်းများနှင့် မဲစာရင်းမှားယွင်းမှုများအတွက် ပြင်ဆင်ဖြည့်စွက်တောင်းဆိုရန် လျှောက်ထားမှုများနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနေမှု လုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အသက် (၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲဆန္ဒရှင်စာရင်းတွင်ပါဝင်၍ မဲပေးခွင့် ရရှိစေရန်အတွက် မဲစာရင်းလာရောက်ကြည့်ရှုရန် လှုံ့ဆော်ပေးနေမှုနှင့် မဲစာရင်းမှားယွင်မှုများ အတွက် သတ်မှတ်ပုံစံများဖြင့် လျှောက်ထားကာ ပြင်ဆင်ဖြည့်စွက်ခြင်း ဆောင်ရွက်ပေးနေမှု လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

 

ထို့နောက် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌမှ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရပ်ကွက်များရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးနိုင်ရန် ယခုကဲ့သို့ ကွင်းဆင်းတွေ့ဆုံခြင်းဖြစ်ကြောင်းနှင့် လာရောက်ကြည့်ရှုကြသည့် မဲဆန္ဒရှင်စာရင်းများတွင် မှားယွင်းမှုများအတွက် ပြင်ဆင်ဖြည့်စွက်ခြင်း လုပ်ငန်းများအား ဩဂုတ် ၂၈ ရက်တွင် အပြီးဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများအား ပထမအကြိမ်အဖြစ် ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၇ ရက်အထိ ကပ်ထားကြေညာပေးခဲ့ပြီး မဲစာရင်း လာရောက်ကြည့်ရှုသူ တိုးတက်များပြားလာစေရန်နှင့် မဲစာရင်းအမှားအယွင်းများ တွေ့ရှိမှုများအတွက် ပြင်ဆင်ဖြည့်စွက်တောင်ဆိုမှုများ ပိုမိုဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မဲစာရင်းကြေညာပေးမှုအား ဩဂုတ် ၁၄ ရက်အထိ ထပ်မံတိုးမြှင့်ပေးထားကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူ ၄၅၇၈၀၀၀ ကျော်ရှိပြီး လက်ရှိတွင် အဆိုပါမဲစာရင်းများ လာရောက်ကြည့်ရှုသူဦးရေမှာ ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၉ ရက်အထိ ၁၆ ရက်တာကာလအတွင်း ၁၀၇၂၃၇၅ ဦးရှိကာ ၎င်းတို့အနက် ပြင်ဆင်ဖြည့်စွက် တောင်းဆိုရန် လျှောက်ထားသူ ဦးရေမှာ ၁၃၄၁၉၅ ဦးရှိကြောင်း သိရသည်။  

 

မင်းထက်အောင်(မန်းကိုယ်ပွား)