ပဲခူး ၁၁ ဩဂုတ်

 

ပဲခူးမြို့ ကလိကျေးရွာအနီးရှိ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းပညာပေးသင်တန်းခန်းမတွင် COVID-19 အလွန် ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ ပြန်လည်ဦးမော့လာစေရေးအတွက် နိုင်ငံတော်အစိုးရမှ CERP ပါ Action Plan အရ ပဲခူးနှင့် သနပ်ပင် မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများထံသို့ ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဝင်းမြင့်မှ CERP ပါ Action Plan အရ ပဲခူးနှင့် သနပ်ပင် မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများထံ ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်၊ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းဝင်းမြင့်နှင့် ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်တို့က ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများထံ ငါးမြစ်ချင်းငါးပေါက်များအား ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ငါးမွေးတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ယင်းနောက် ငါးလုပ်ငန်းပညာပေး သင်တန်းကျောင်းဧရိယာအတွင်း၌ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများက မဟော်ဂနီ၊ လင်းလွန်းပင်၊ ကံကော်ပင်၊ ပျဉ်းမ၊ ခရေ၊ စိန်ပန်း၊ တည်၊ ဗန်ဒါ၊ ငုပန်း၊ အင်ကြင်း စသည့်အရိပ်ရသစ်ပင်များအား လည်းကောင်း အမှတ်တရ စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။

 

အဆိုပါအခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး တက်ရောက်လာကြသူများအား အပူချိန်တိုင်းတာပေးခြင်း၊ လက်ဆေးစေခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်စေခြင်းများပြုလုပ်ခဲ့သည်။ ပဲခူးမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူ (၄)ဦး၏ ငါးမွေးဧရိယာ (၂၅၀)ဧကအတွက် ပထမအကြိမ်အဖြစ် ငါးမြစ်ချင်း ငါးပေါက်အကောင်ရေ (၅)သိန်း၊ သနပ်ပင်မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူ (၁၃)ဦး၏ ငါးမွေးဧရိယာဧက (၂၅၀)အတွက် ဒုတိယအကြိမ်အဖြစ် ငါးမြစ်ချင်းငါးပေါက် အကောင်ရေ (၅)သိန်း စုစုပေါင်းငါးမြစ်ချင်းငါးသားပေါက် အကောင်ရေ (၁၀)သိန်းအား ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရိသည်။

 

သတင်းစဉ်