နေပြည်တော် ၁၁ သြဂုတ်
ယနေ့ကာလတွင် တောင်သူလယ်သမားများ၏ စိုက်ပျိုးသီးနှံများ ပြည်တွင်းဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ကူညီဖြေရှင်းပေးရန်၊ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စွာ လည်ပတ်နိုင်စေရန်၊ ဈေးကွက်ရရှိစေရန်၊ လေလွင့်ဆုံးရှုံးမှု မရှိစေရန်နှင့် သမဝါယမအသင်းများ၏ လုပ်ငန်းဆောင်ရွက်မှု တိုးတက်စေရန် ရည်ရွယ်၍ တိုင်းဒေသကြီး/ပြည်နယ် သမဝါယမအသင်းစုချုပ်များမှ ပို့ဆောင်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများကို သမဝါယမကဏ္ဍမှ အစွမ်းကုန်ဆောင်ရွက်ပေးလျက်ရှိသည်။
နေပြည်တော်သမဝါယမသင်းစုချုပ်သည် ရှမ်းပြည်နယ်တောင်ပိုင်း/ အရှေ့ပိုင်း သမဝါယမအသင်းစုချုပ်လီမိတက်နှင့် ချိတ်ဆက်၍ အောင်ပန်းမြို့နယ် နောင်တရားဒေသထွက် အာလူးပိဿာချိန် ၅၀၀၀ နှင့် တောင်ကြီးမြို့နယ် ကျောက်တစ်လုံး ဒေသထွက် ကြက်သွန်ဖြူပိဿာချိန် ၁၀၀၀ ကို ဝယ်ယူကာ နေပြည်တော်နယ်မြေအတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ သမဝါယမအသင်းသား ပြည်သူများထံသို့ ဒေသပေါက်ဈေး အာလူးတစ်ပိဿာ လျှင် ငွေကျပ် ၁၃၀၀ နှုန်းရှိသော်လည်း တစ်ပိဿာလျှင် ငွေကျပ် ၈၀၀ နှုန်းဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူဥတစ်လုံး တစ်ပိဿာလျှင် ငွေကျပ် ၅၀၀၀ နှုန်းရှိသော်လည်း ငွေကျပ် ၂၂၀၀ နှုန်းဖြင့် လည်းကောင်း၊ ကြက်သွန်ဖြူအမွှာထူး(၃) တစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀ နှုန်းရှိသော်လည်း ငွေကျပ် ၁၅၀၀ နှုန်းဖြင့်လည်းကောင်း သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ကြက်သွန်ဖြူနှင့် အာလူးများကို No Profit, No Loss အစီအစဉ်ဖြင့် အမြတ်အစွန်း အဓိကမထားဘဲ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


