နေပြည်တော် ၁၁ ဩဂုတ်
COVID – 19 ရောဂါဖြင့် ကုသမှုခံယူနေသည့် တပ်မတော်မှ အရာရှိ၊ စစ်သည်များ၌ ရောဂါသက်သာပျောက်ကင်းလာပြီး ရောဂါပိုးကင်းစင်သွားပြီဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းသတင်းထုတ်ပြန်ချက်တွင် အိန္ဒိယနိုင်ငံ၌ သင်တန်းတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိ၊ စစ်သည် ၁၆ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့မှုနှင့် ပတ်သက်၍ သတင်းများထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း။
အဆိုပါ COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့် အရာရှိ၊ စစ်သည်များအား တပ်မတော် အသည်းရောဂါ အထူးကုဆေးရုံကြီး(မင်္ဂလာဒုံ)တွင် ဆေးမှူးပါရဂူများ၊ သူနာပြုများဖြင့် သီးခြားစောင့်ကြပ်ကြည့်ရှုကာ ဆေးဝါးကုသမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ထို့နောက် COVID-19 ရောဂါကုသမှုလုပ်ငန်း လမ်းညွန်ချက်များအတိုင်း ရောဂါပိုးတွေ့ရှိရသော အတည်ပြုကာလရက်မှ ပြန်လည်စစ်ဆေးရမည့်ရက်များတွင် ၎င်းအရာရှိ၊ စစ်သည်များ၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့အား ရယူ၍ Polymerase Chain Reaction (PCR) နည်းဖြင့် ထပ်မံဓာတ်ခွဲစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့စစ်ဆေးရာ နှစ်ကြိမ်ဆက်တိုက် COVID-19 ရောဂါပိုးမတွေ့ရှိရသဖြင့် အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)မှတစ်ဆင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ အသီးသီးတင်ပြခဲ့ပြီး COVID-19 ရောဂါပိုးကင်းစင်လာသူများအဖြစ် သတ်မှတ်ကာ သတ်မှတ်နေရာများ၌ အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှု စစ်ဆေးလျက်ရှိကြောင်းနှင့် တပ်မတော်အတွင်း COVID-19 ရောဂါပိုး ဓာတ်ခွဲအတည်ပြုလူနာ ကင်းစင်ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
သတင်းစဉ်


