ကျွန်းလှ ၁၂ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ လျှော်ဖြူစိုက်ပျိုးသူများ ဈေးနှုန်း ကျဆင်း၍ ဈေးကောင်းရရှိရေး မျှော်လင့်နေကြောင်း လျှော်ဖြူစိုက်တောင်သူများထံမှ သိရသည်။
“ကျွန်တော် လျှော်ဖြူ ၁၅ ဧက၊ အပင်ပေါင်း ၃၀၀၀ စိုက်ပျိုးထားပြီး သုံးနှစ်သက်တမ်းရှိ၍ အစေးထုတ်နေပါတယ်။ ယခင် က လျှော်ဖြူစေးတစ်ပိဿာ ငွေကျပ်၂၀၀၀၀ မှ ၂၅၀၀၀ ဈေးရောင်းရသော်လည်း ကိုဗစ်ကာလမှာ ငွေကျပ် ၇၀၀၀ မှ ၈၀၀၀ ဈေးသာရှိပါတယ်။ ဈေးနှုန်းကျဆင်းနေ၍ မိသားစုတစ်ပိုင်တစ်နိုင် အစေးထုတ်နေပြီး ရောင်းချခြင်းမရှိဘဲ စုဆောင်းပါတယ်”ဟု လျှော်ဖြူစိုက်တောင်သူ ဦးဝင်းလှိုင်က ပြောသည်။
ကျွန်းလှမြို့နယ်တွင် လျှော်ဖြူကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးခဲ့သော်လည်း ယခုအခါ စီးပွားဖြစ်စိုက်ပျိုးလာကြပြီး ဧက ၄၇၀ ကျော် စိုက်ပျိုးထားကြောင်း၊ GAP လက်မှတ်ရရှိရေး၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းနှင့် စိုက်ပျိုးရေး ဆိုင်ရာပညာပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောကြားသည်။
မျိုးဝင်းညို(ကျွန်းလှ)