၁၂ ဩဂုတ်
ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် ယနေ့ ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၄၁၀ ရှိပြီး ၂၁ ဦး ထပ်မံသေဆုံးခဲ့ရာ နိုင်ငံအတွင်း ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးမှု အများဆုံးနေ့အဖြစ် စံချိန်တင်ခဲ့သည်။
ဗစ်တိုးရီးယား ပြည်နယ်ဝန်ကြီးချုပ် ဒန်နီယယ် အင်ဒရူးစ်က သေဆုံးသူ အားလုံးသည် အသက် ၇၀ နှင့်အထက် အရွယ်များဖြစ်ကြပြီး သေဆုံးသူ ၁၆ ဦး သည် ထိုပြည်နယ်၏ သက်ကြီးစောင့်ရှောက်မှု စနစ်နှင့် ဆက်စပ်နေသည်။
ဗစ်တိုးရီးယား ပြည်နယ်တွင် ရောဂါကူးစက်ခံရသူ ၇၈၇၇ ဦး ရှိသည်။
ကိုဗစ်-၁၉ ရောဂါကူးစက် ခံရမှုကြောင့် သေဆုံးသူဦးရေ မကြုံစဖူး မြင့်မားနေပြီး ဩဂုတ် ၂ ရက်နေ့က မဲလ်ဘုန်းမြို့တော်တွင် ကန့်သတ်ချက် အဆင့် သုံး မှ အဆင့် လေးသို့ ပြောင်းပြီးကတည်းက နေ့စဉ်ကူးစက်မှု ကျဆင်းလာသည်။
အထူးသဖြင့် ဗစ်တိုးရီးယား ကျန်းမာရေး စောင့်ရှောက်မှု နယ်မြေတွင် ကူးစက်မှု မြင့်မားနေဆဲဖြစ်ရာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဆိုင်ရာ အဆောက်အဦများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀ဝ၀ နီးပါး ရှိပြီး ကျန်းမာရေး စောင့်ရှောက်မှု လုပ်သား ၁၀၇၉ ဦး ရောဂါကူးစက် ခံနေရသည်။
ဤသီတင်းပတ် အစောပိုင်းက ဆရာဝန်များ ကိုယ်စားပြု ကျန်းမာရေး အဖွဲ့က ဆေးရုံ လုပ်သားများအတွက် အကာအကွယ်ဝတ်စုံ (PPE) ရရှိနိုင်မှုနှင့် ပတ်သက်ပြီး စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
အင်ဒရူးစ်က ခွဲစိတ်ခန်းသုံး လက်အိတ် ၆၈ သန်း၊ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း ၁၉ သန်းနှင့် မျက်နှာဖုံး ၂ သန်း ရှိကြောင်းနှင့် လိုအပ်သော ဆေးရုံများသို့ ဖြန့်ဝေရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
မဲလ်ဘုန်းမြို့တော်တွင် ညမထွက်ရအမိန့် အပါအဝင် အဆင့်လေး ကန့်သတ်ချက်များနှင့် အများပြည်သူ သွားလာရာ နေရာများတွင် မျက်နှာဖုံး နှာခေါင်းစည်း ဝတ်ဆင်အသုံးပြုမှုကို စက်တင်ဘာ ၁၃ ရက်နေ့တွင် ရုတ်သိမ်းရန် စီစဉ်ထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို