ချောက်   ၁၂   ဩဂုတ်   

 

မကွေးတိုင်းဒေသကြီး မကွေးခရိုင် ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၆ - ၂၀၁၇ ခု ဘဏ္ဍာရေးနှစ်က စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည့် ကျွဲတပ်ကျေရွာအုပ်စု၊ ကျွဲတပ်ရွာမကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ စတုတ္ထအကြိမ် ထုတ်ချေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နိုင်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ အခြား မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ကျေးရွာသူကျေးရွာသားများအနေဖြင့် မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင် ကျေးရွာစီမံကိန်း တာဝန်ခံနှင့်ဝန်ထမ်းများက အဆိုပါကျေးရွာမြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကြီးကြပ်မှုကော်မတီများနှင့်အတူ ကျွဲတပ်ရွာမကျေးရွာမြစိမ်းရောင်စီမံကိန်း စတုတ္ထအကြိမ်အဖြစ် စိုက်ပျိုးရေးလုပ်ငန်း ၅၈ ဦး၊ မွေးမြူရေးလုပ်ငန်း ၃၉ ဦး၊ စုစုပေါင်း အသင်းသား ၉၇ ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၅၄၃ သိန်းအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါအခမ်းအနားကို ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျေးရွာ မြစိမ်းရောင်ကော်မတီဝင်နှင့် အသင်းသူအသင်းသား များတက်ရောက်ခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

စိုးမိုးကျော်