ထီးလင်း ၁၂ သြဂုတ်
ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်၌ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး အစိုးရငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် တည်ဆောက်ရေး လုပ်ငန်းများ ရာနှုန်းပြည့်နီးပါးပြီးစီးပြီဖြစ်၍ အဆိုပါလုပ်ငန်းများ ကိုဂန့်ဂေါခရိုင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်၊ ခရိုင်တည်ဆောက်ရေး လုပ်ငန်းများစိစစ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညိုနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ထီးလင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်အောင်၊ ခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများက သြဂုတ် ၁၁ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဂန့်ဂေါခရိုင် တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီသည် ထီးလင်းမြို့နယ်အတွင်းရှိ ကဇွန်းထောင့်ကျေးရွာ မြေနီကျောက်စရစ်ကုန်ထုတ်လမ်း အရှည် ၁ မိုင် ၁ ဖာလုံ၊ အကျယ် ၁၅ ပေ၊ ဝါးဘိုးချောင်ကျေးရွာရှိ အရှည် ၁-မိုင်၊ ၄ ဖာလုံ၊ အကျယ် ပေ ၃၀ မြေသားလမ်း၊ ဝက်သက်ရွာမနှင့် ထီးလင်းမြို့တို့ ဆက်သွယ်ထားသည့် သံကူကွန်ကရစ် တံတားအရှည် ပေ ၃၀၀၊ အကျယ်၁၃ပေ ၉ လက်မ၊ ဝက်သက်တောင်ကျေးရွာ ရေသွယ်မြောင်းတို့ကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိဒ္ဓိနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သတ်၍ ရှင်းလင်းတင်ပြကြသည်။
အလားတူ တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီအဖွဲ့သည် ပခုက္ကူ-ပေါက်-ထီးလင်း-ဂန့်ဂေါကားလမ်း မိုင်တိုင်အမှတ်(၈၄/၀)နှင့် (၉၅/၀)ကြားရှိ ကျောက်ကြီးစီ မြေထိန်းနံရံ၊ ပေါက်-ထီးလင်းလမ်းမှ တိကျေးရွာမြေသားလမ်း အရှည် ၂ မိုင် ၃ ဖာလုံ၊ အညာဘန်းကျေးရွာ လျှပ်စစ် မီးလင်းရေးလုပ်ငန်း၊ ပခုက္ကူ-ပေါက်-ထီးလင်း-ဂန့်ဂေါ ကားလမ်း(၄)ဖာလုံ ကတ္တရာခင်းခြင်း လုပ်ငန်း၊ ကျင်းရွာ တောင်အိုဆည် စသည့် တည်ဆောက်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထီးလင်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်သန်း (၃၀၁၇ ဒသမ ၉၇၈)ဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်း (၄၅၀)နှင့် တိုင်းဒေသကြီး ငွေလုံး ငွေရင်းခွင့်ပြုရန်ပုံငွေကျပ်သန်း (၃၇၀၈ ဒသမ ၇၈၆)ဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေး လုပ်ငန်း(၃၀၈)ခုရှိကြောင်း ခရိုင်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီထံမှ သိရသည်။
အောင်စည်(ပြန်/ဆက်)