နမ့်ဆန် ၁၂ ဩဂုတ်

 

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်စာရင်းတွင် အမည်ပါဝင်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား နံပါတ်လစ်လပ်နေမှုများအား ကွက်လပ်ဖြည့်သွင်း ခြင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား  ကွင်းဆင်းဆောင်ရွက်ခြင်းကို ဩဂုတ်(၁၀)ရက် နံနက်ပိုင်းက လုံတောက်ကျေးရွာအုပ်စု၌ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးသည်။

 

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် နမ့်ဆန်မြို့နယ် အလုပ်သမား၊ လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဒုလဝကမှူး ဦးကျော်စိုး သူနှင့် ဝန်ထမ်းများတို့က လုံတောက်ကျေးရွာသို့ ကွင်းဆင်း၍ မဲဆန္ဒရှင်စာရင်းတွင် အမည်ပါဝင်ပြီး အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်းမရှိသေးသည့် ကျေးရွာသူ၊သား (၃၅)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့သည်။

 

ထို့ပြင် နမ့်ဆန်မြို့နယ်အတွင်း ဇူလိုင် ၂၇ ရက်မှ ဩဂုတ်လ ၁၁ ရက်နေ့အထိ ကျေးရွာအုပ်စု (၁၂)အုပ်စုတွင် ကွင်းဆင်းခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူ (၇၀၈)ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးထံမှ သိရှိရသည်။

 

ဟန်ဌေး(လားရှိုး)