စေတုတ္တရာ ၁၂ ဩဂုတ်
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူးရုံးမှ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် အသက်(၁၈)နှစ်ပြည့်သူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကျေးရွာများ၌ အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်မဆုံးရှုံးစေရန် စေတုတ္တရာမြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးထင်အောင်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ပန်းအိကျေးရွာ၊ ကျောက်တန်းကျေးရွာ၊ ကျင်းကြီးကျေးရွာ၊ လုံးဇွန်ကျေးရွာ၊ ဘူးကျေးရွာ၊ အထက်လယ်ကျေးရွာ နှင့် ဘိုကုန်း ကျေးရွာများမှ မဲဆန္ဒရှင်စာရင်းတွင်ပါဝင်ပြီး အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်မရှိသေးသည့် ပြည်သူများအား မြန်မာနိုင်ငံသားဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်များအား နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်အတွင်း ကျန်ရှိနေသေးသည့် ကျေးရွာများတွင်လည်း အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ်မရှိသူများအား ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များကို ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူး ဦးထင်အောင် ထံမှ သိရသည်။
စည်သူလွင်(ပြန်/ဆက်)


