တာလေ   ၁၂   ဩဂုတ်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့၌ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးပြီး ဖျက်အားပျင်း FAW(ငမြောင်တောင်) ပိုးကျရောက်မှုအခြေအနေများကို ကြိုတင်ကင်းထောက်နိုင်သည့် phenomone trap ချိတ်ဆွဲခြင်းအား အမှတ်(၂ ) ရပ်ကွက်ရှိ  တောင်သူ ဒေါ်ကေသွယ်ထွန်း ၏ မိုးလယ်စိုက် ပြောင်းစိုက်ခင်းတွင် ယမန်နေ့က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် phenomone trap ခွက်ထဲတွင် FAW(ငမြောင်တောင်)ဖျက်ပိုး အဖိုများကို ဆွဲဆောင် စေသည့်  ဟော်မုန်းထည့်သွင်းထားပြီး အဖိုများကို ဆွဲဆောင်စေ၍ ခွက်အတွင်းကျစေသဖြင့် ပိုးကျရောက်မှု ရှိ/မရှိ အား ကြိုတင်ကင်းထောက်စစ်ဆေးနိုင်၍ ဖျက်ပိုးကျရောက်မှုကို ဆောလျင်စွာ သိရှိနိုင်ကာ လိုအပ်ပါက ပိုးသတ်ဆေးများ အသုံးပြုပြီး ပိုးကောင်များကို နှိမ်နှင်းနိုင်သောကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုမှ အချိန်မီတားဆီး ကာကွယ်နိုင်၍ တောင်သူများအနေဖြင့် သီးနှံဖျက်ပိုးအန္တရာယ်မှ ကာကွယ်နိုင်စေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးနေလင်းက ပြောသည်။

 

အဆိုပါ ဖျက်အားပျင်း FAW (ငမြောင်တောင်) ဖျက်ပိုးကျရောက်မှုကို ကြိုတင်ကင်းထောက် နိုင်သည့်  phenomone trap ချိတ်ဆွဲခြင်းကို စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးနေလင်းနှင့် ဝန်ထမ်းများက စိုက်ခင်းပိုင်ရှင် ဒေါ်ကေသွယ်ထွန်း နှင့်အတူ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

 

အောင်ကျော်မိုး(တာလေ)