မော်လမြိုင် ၁၂ ဩဂုတ်

 

မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနတွင် COVID-19 ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ခဲ့သော စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး လူငယ်ရေးရာဥက္ကဋ္ဌ ဒေါက်တာထိန်းလင်း တက်ရောက်ချီးမြှင့်သည်။

 

1

 

အခမ်းအနားတွင် လူမှုရေးဝန်ကြီး ဒေါက်တာထိန်းလင်းက အဖွင့်အမှာစကားပြောကြားရာတွင် မွန်ပြည်နယ်အတွင်း COVID-19 ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် လူငယ်ရေးရာ ကော်မတီနှင့်အတူ ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက်ခဲ့ကြသော စေတနာ့ဝန်ထမ်းများကို ကျေးဇူးတင်ရှိကြောင်း၊ စေတနာ့ဝန်ထမ်းများသည် ဧပြီလ ၁၁ ရက်နေ့မှစ၍  စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လေးလရှိပြီဖြစ်သော်လည်း တက်ကြွစွာဆောင်ရွက်နေတာကို တွေ့ရှိရကြောင်း၊ ယခုအလုပ်သည် အခြားသောအလုပ်များနှင့်မတူဘဲ အချိန်ပေးကာ အသက်အန္တရာယ်ကြားမှ ပါဝင်ကူညီဆောင်ရွက်ရပါကြောင်း၊ အင်မတန်ခက်ခဲသည့် အလုပ်ဖြစ်သော်လည်း စေတနာ့ဝန်ထမ်းများဟာ အားတက်သရော စွမ်းဆောင်နိုင်ကြ၍ ဂုဏ်ပြုလိုသောဆန္ဒဖြင့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့မှာ ဂုဏ်ပြုဖို့စီစဉ်ရတာဖြစ်ကြောင်း အနာဂတ်မှာလည်း အများနှင့်သက်ဆိုင်သော လုပ်ငန်းစဉ်များတွင် ယခုလိုပဲ တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် မွန်ပြည်နယ် လူငယ်ရေးရာကော်မတီဒုဥက္ကဋ္ဌ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ဂုဏ်ပြုစကားပြောကြားပြီး စေတနာ့ဝန်ထမ်းတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကြောင်း သိရသည်။                                                                    

 

စမ်းစမ်းနွယ်