တီးတိန် ၁၂ ဩဂုတ်

 

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဦးခင်မောင်ဝင်းနှင့် ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန် ဦးရွှေလေး၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် လေကြောင်းခရီးဖြင့် နေပြည်တော်မှ စစ်ကိုင်းဒေသကြီး ကလေးမြို့သို့ ရောက်ရှိကြရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲနှင့် တာဝန်ရှိသူများက ကလေးမြို့လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

1

 

ယင်းနောက် ကလေးမြို့လေဆိပ်ဧည့်ခန်းမဆောင်၌ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်၊ ဘိုင်ကျေးရွာအရေးပေါ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအတွက် ငွေကျပ်သိန်းသုံးရာနှင့် ကလေးမြို့နယ်၊ မြောက်စည်းကျေးရွာ အရေးပေါ်ကမ်းပြို ကာကွယ်ရေးလုပ်ငန်းအတွက် ငွေကျပ် ၄၅ သိန်းတို့ကို အမျိုးသားသဘာဝဘေးရန်ပုံငွေမှ စစ်ကိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ထောက်ပံ့ပေးအပ်သည်။

 

ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ကလေးမြို့မှ ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ ကော်ဖီသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(ထေးဇန်)သို့ ရောက်ရှိကြရာ ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးဦးက ကော်ဖီခြံအတွင်း ကော်ဖီစေ့ပျိုးထောင်ပြီး ဒေသခံကော်ဖီစိုက်တောင်သူများအား ဖြန့်ဖြူးပေးခဲ့မှုများကို ရှင်းလင်းတင်ပြသည်။

 

2

 

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက ကော်ဖီပျိုးပင်များကို အခြားဒေသများမှ သယ်ယူစိုက်ပျိုးပါက သယ်ယူစရိတ်ပိုမိုကုန်ကျခြင်း၊ လမ်းခရီးတွင် လေလွင့်ပျက်စီးမှုရှိနိုင်ခြင်း၊ စိုက်ပျိုးရန်လိုအပ်သည့်အချိန်တွင် လိုအပ်သည့်အရေအတွက် မရနိုင်ခြင်း စသည့်ကန့်သတ်ချက်များရှိသည့်အတွက် ဝေးလံသည့်ဒေသများရှိ ကော်ဖီစိုက်တောင်သူများထံသို့ ကော်ဖီပျိုးပင်များကို စိုက်ပျိုးရေးပျိုးခြံမှ သယ်ယူစိုက်ပျိုးစေခြင်း အစား ကော်ဖီစိုက်ပျိုးရာဒေသများတွင် ကော်ဖီအစေ့ဖြင့် ပျိုးထောင်ဖြန့်ဖြူးသည့်စနစ်ကို ကျင့်သုံးရန်မှာကြားသည်။

 

အဆိုပါ ခြံသည် ဧရိယာ ၈၂ ဧက ကျယ်ဝန်းပြီး ၃၁ ဒသမ ၈ ဧကတွင် ကော်ဖီပင်များ စိုက်ပျိုးထားကာ  ယင်းခြံမှ အာရေးဗီးကားကုန်းမြင့်ကော်ဖီ ပျိုးပင် ၃၈၀၀၀ ကို ကော်ဖီစိုက်တောင်သူများအား ယခုနှစ်မိုးရာသီအတွင်း အခမဲ့ ဖြန့်ဖြူးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ နောင်နှစ်တွင် ကော်ဖီပျိုးပင် ၅၀၀၀၀ ကျော်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်တစ်ပြည်နယ်လုံးအတွက် ကော်ဖီပျိုးပင် ၄ သိန်းကျော် ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ဒုတိသမ္မတသည် တီးတိန်မြို့သို့ ရောက်ရှိပြီး တီးတိန်မြို့ မိုးလုံလေလုံ အားကစားရုံသစ် (ဘွာလ်ဇန်အားကစားရုံ) တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးရာ ချင်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်က အားကစားရုံသစ်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက အဆောက်အဦကို ရေရှည်အသုံးပြုနိုင်ရေး သတ်မှတ်စံချိန်စံညွှန်းမီစွာ ဆောက်လုပ်ရန်နှင့် စနစ်တကျ ဆက်လက်ထိန်းသိမ်းနိုင်ရေး မှာကြားသည်။

 

အဆိုပါ အားကစားရုံသစ်သည် အလျားပေ - ၁၂၀၊ အနံ ပေ - ၉၀၊ အမြင့်- ၃၆ ပေရှိကာ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ်သန်း ၂၄၇ ဒသမ ၅ သန်းဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

3

 

ယင်းနောက် ဒုတိယသမ္မတသည် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးအဆောက်အဦ သစ်ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးရာ Equal Construction and Decoration Co.,ltd စီမံကိန်းမန်နေဂျာ ဦးအောင်ခန့်မင်းက အဆောက်အဦသစ်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

 

အဆိုပါ အဆောက်အဦသစ်သည် အလျားပေ - ၁၄၀၊ အနံ - ၃၄ ပေ၊ အမြင့် ၂၄ ရှိပြီး သံကူကွန်ကရစ်နှစ်ထပ် အဆောက်အဦးဖြစ်ကာ အဆောက်အဦစီမံကိန်းတန်ဖိုး ငွေကျပ် ၃၈၄ ဒသမ ၃၂၇ သန်းဖြစ်ကြောင်း သိရသည်။

 

4

 

သတင်းစဉ်