ရွှေဘို ၁၂ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ ခုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် သြဂုတ် ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲက မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး လေ့ကျင့်မှုဆောင်ရွက်ခြင်းကို ဆေးရုံကြီးအတွင်းရှိ ဖျားနာကုသဆောင်(၂) အထပ်မြင့်အဆောက်အဦ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရွှေဘိုခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာစောသက်လျာအောင်က အဖွင့်အမှာစကားပြောကြားပြီး ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့်က ရွှေဘိုမြို့ ခုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေကြသော လူနာများအား မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့ပါက လိုက်နာရမည့်အချက်များအား ပညာပေးဆွေးနွေးခြင်းနှင့် ဘေးအန္တရာယ်ကျရောက်ပါက ဖွဲ့စည်းထားသော ကွပ်ကဲမှုအဖွဲ့၊ ဆက်သွယ်ရေးအဖွဲ့၊ မီးငြှိမ်းသတ်ရေးအဖွဲ့၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ သယ်ယူပို့ဆောင်ရေးအဖွဲ့၊ ပြန်လည်နေရာချထားရေးအဖွဲ့၊ ဆေးကုသရေးအဖွဲ့များမှ အဆင့်လိုက် အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင် ဆောင်ရွက်မှုများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဆီမီးလောင်မှုအား မီးသတ်ဆေးဘူးဖြင့် ငြှိမ်းသတ်ခြင်း၊ ရေစိုအဝတ်ဖြင့်ငြှိမ်းသတ်ခြင်း၊ ဂက်စ်အိုးမီးလောင်မှုအား မီးငြှိမ်းသတ်မှုသရုပ်ပြသခြင်း၊ အထပ်မြင့်မှ လူနာကယ်ဆယ်မှု သရုပ်ပြသခြင်း၊ အသက်ရှူကိရိယာ ဝတ်ဆင်၍ လူနာကယ်တင်သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အထပ်မြင့်အဆောက်အဦများတွင် မီးဘေးအန္တရာယ်နှင့် ငလျင်ဘေးစသော သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား လျင်လျင်မြန်မြန်ဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ အသင့်အနေအထား သုံးစွဲနိုင်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် လေ့ကျင့်ခြင်းကို ရွှေဘိုခရိုင်၊ မြို့နယ်မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦး၊ ခရိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် (၁၀)ဦး၊ ဆေးရုံကြီးမှ လုံခြုံရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုးသောက်(ရွှေဘို)