ညောင်ဦး ၁၂ ဩဂုတ်
ဩဂုတ် ၁၂ ရက်တွင် ကျရောက်သော ကမ္ဘာ့ဆင်များနေ့အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အနောက်ပုလင်းကျေးရွာအနီးတွင် ဖွင့်လှစ်ထားသော ပလင်းကမ်းသာယာ ဆင်စခန်းဝင်းအတွင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် မှော်ယောကြီးဆင်စခန်းတို့တွင် ဆင်များအား ဆင်စာဘူဖေးကျွေးခြင်းတို့ဖြင့် ကမ္ဘာ့ဆင်များနေ့အား ဩဂုတ် ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ကျင်းပခဲ့ကြောင်း ပလင်းကမ်းသာယာဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုထံက သိရသည်။
ဩဂုတ် ၁၂ ရက်တွင် ကျရောက်သော ကမ္ဘာ့ဆင်များနေ့အား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလဖြစ်ခြင်းကြောင့် လူစုလူဝေးဖြင့်မကျင်းပတော့ဘဲ ဆင်စခန်း တာဝန်ခံနှင့် ဆင်ဦးစီး၊ ဆင်ပဲ့ချိတ်များဦးဆောင်ကာ ဆင်စာဘူဖေးကျွေးခြင်းဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ဆင်များနေ့အထိမ်းအမှတ်ကို ကမ္ဘာပေါ်ရှိ ဆင်များအား ကာကွယ်ထိန်းသိမ်းကြရန် ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ် ဩဂုတ် ၁၂ ရက်မှစတင်ကာ ကနေဒါနိုင်ငံသား ရုပ်ရှင်ထုတ်လုပ်သူ Patricia Sims နှင့် ထိုင်းနိုင်ငံအခြေစိုက် Elephan Reintroduction Foundation တို့မှ စတင်ကျင်းပလာခဲ့ရာ ယခုဆိုလျှင် ကမ္ဘာ့ဆင်များနေ့အား ကူညီပံ့ပိုးပေးနေသည့် (Wildlife Organizations) နိုင်ငံပေါင်း (၇၀)နီးပါးရှိနေပြီဖြစ်ကြောင်း ချင်းတွင်းဖောင်ဖွဲ့ရေးဒေသ လက်ထောက်အထွေထွေမန်နေဂျာ ဦးအောင်ဌေးမှ ပြောသည်။
ကမ္ဘာ့ဆင်များနေ့အား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားသည့် ဆင်စခန်း (၂၂)ခုလုံး ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် လူစုလူဝေးမဖြစ်စေဘဲ ဆင်စာဘူဖေး ကျွေးခြင်းများဖြင့် ကျင်းပခဲ့ကြောင်း ကျောက်တံခါးမြို့နယ် မှော်ယောကြီး ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးကျော်ကျော်ထွန်းမှ ရှင်းပြကာ ဆင်များအား နာနတ်သီး၊ ဖရဲသီး၊ ငှက်ပျောသီး၊ သခွားသီး၊ ရွှေဖရုံသီး၊ သရက်သီး၊ ကြံ၊ နေပီယာမြက်၊ ကိုင်းမြက်၊ ဝါးရွက်၊ ပြောင်းဖူးတို့အား ဆင်စာဘူဖေးကျွေးခဲ့ကြောင်း သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)