မြို့သစ် ၁၃ သြဂုတ်   

မကွေးခရိုင် မြို့သစ်မြိုနယ် ဝါးကြီးအိုင်ကျေးရွာနှင့် နေပြည်တော်၊ ကံပြားလမ်းချိတ်ဆက်ထားသည့် ကျေးရွာကုန်ထုတ်လမ်းတွင် ကြောင်ပန်းချောင်းရေကျော်တံတား မရှိသဖြင့် မိုးရာသီ၌ ချောင်းရေကျနေစဉ်နှင့် ၎င်းချောင်းရေကျပြီး သဲကျွံနေမှုများကြောင့် ဒေသခံပြည်သူများ ကုန်ထုတ်သွားလာရာတွင် နေ့စဉ်ရာသီမရွေး အခက်အခဲများနှင့်ကြုံတွေ့ နေရကြောင်းဒေသခံ ပြည်သူများထံမှ သိရသည်။

 

မြို့သစ်မြို့နယ် ဝါးကြီးအိုင်ကျေးရွာနှင့် လေးတိုင်စင်ကျေးရွာအနီး နေပြည်တော်၊ ကံပြားလမ်းနှင့် ချိတ်ဆက်ထားသည့် ကျေးရွာကုန်ထုတ်လမ်းကို ဝါးကြီးအိုင်အုပ်စု၊ ရုံးတောအုပ်စု၊ မနော့ကုန်းအုပ်စု၊ နွားလှအုပ်စု၊ လေးတိုင်စင် အုပ်စုစသည့်(၅)အုပ်စုမှ ကျေးရွာပေါင်း(၁၅)ရွာ၊ အိမ်ခြေ(၃၆၀၀)၊ လူဦးရေ( ၁၈၀၀၀) ရှိပြီးပဲ၊ နှမ်း အထူးအထွက်ကောင်းသည့် နယ်မြေဒေသဖြစ်သည်။

 

အဆိုပါ ကြောင်ပန်းချောင်းတွင် ယမန်နေ့ နံနက်က ဒေသခံကျေးရွာမှ ခရီးသွားကားများ ချောင်းဖြတ်ကူးစဉ် သဲကျွံနစ်နေသဖြင့် ဒေသခံပြည်သူများနှင့် ခရီးသွားဧည့်သည်ကားများ ယာဉ်လမ်းကြောင်း ပိတ်ဆို့ကာချောင်း၏ တစ်ဖတ်တစ်ချက်တွင် ကားအစီးရေ(၁၅)စီးခန့် ယာဉ်လမ်းကြောင်းပိတ်ဆို့ပြီး ခရီးသွားပြည်သူ(၁၀၀) ခန့်ချောင်းဖြတ်ကူးရန် အခတ်အခဲနှင့် ရင်ဆိုင်ခဲ့ရသည်။

 

ထိုကြောင့် ပန်းချောင်းသို့ သံပုရာကွင်းချောင်း၊ ခရမ်းခင်းချောင်း၊ ဆည်ရိုးချောင်းစတဲ့ ချောင်း(၃)ချောင်းမှ ချောင်းရေများ စုပေါင်းစီးဆင်းလျှက်ရှိရာ မိုးရာသီကာလ၌ ကြောင်ပန်းချောင်းမှာ ချောင်းတွင်းရေများ ကမ်းလုံးပြည့် စီးဆင်းသဖြင့် ချောင်းဖြတ်ကူးသွားလာရန် မလွယ်ကူသလို ချောင်းရေကျချိန်၌လည်း သဲသောင် များဖြစ်ထွန်းကာ ကျန်ရစ်ခဲ့ပြီး သဲကျွံနေမှုကြောင့် ဒေသခံပြည်သူများ အနေဖြင့် ကုန်ထုတ်သွားလာမှု အခက်အခဲများနှင့် ရင်ဆိုင်ရကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်ဆက်)