မကွေး ၁၃ သြဂုတ်
မကွေးကုန်စည်ဒိုင်၌ဈေးနှုန်း ၊ ငွေရေးကြေးရေးစီးဆင်းမှုနှင့် အလေးချိန်စနစ်များအပေါ် မှန်ကန်အောင် ထိန်းညှိပေးခြင်း လုပ်ငန်းကို သြဂုတ် ၁၂ ရက်မှ စတင်လိုက်ပြီဖြစ်ပြီး တောင်သူနှင့်ကုန်သည်များကြား ယုံကြည်စွာ ရောင်းဝယ် နိုင်ရန် စီစဉ်ထားကြောင်း မကွေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးဖိုးနီ ထံမှ သိရသည်။
“သီးနှံရောင်းမယ့် တောင်သူက ကိုယ်ရောင်းမယ့်ပွဲရုံက ကိုယ်စားလှယ်နဲ့ဖြစ်ဖြစ်၊ တစ်ယောက်တည်း ဖြစ်ဖြစ် ကုန်စည်ဒိုင် ကိုလာပါ။ ဈေးကွက်ပေါက်ဈေးတွေကို လေ့လာပါ။ ပြီးမှ အရောင်းအဝယ်လုပ်ပါ။ ရွာမှာချိန်လာတဲ့ အလေးချိန်ကတစ်မျိုး၊ ပွဲရုံမှာချိန်တော့ အလေးချိန်ကတစ်မျိုးဖြစ်နေရင် ၊ အချိန်အတွယ်ကို သံသယရှိရင် တိုင်ပါ။ ကုန်စည်ဒိုင်မှာ စံကတ္တားတွေ ရှိပါတယ်။ ကုန်စည်ဒိုင်က ဒီလိုမှန်ကန်တဲ့ စနစ်ကို ရေရှည်တည်တံ့အောင် ထိန်းပေးမယ်” ဟု ဥက္ကဋ္ဌ ဦးဖိုးနီက ပြောသည်။
ယခင်က တောင်သူတစ်ဦး ကုန်ရောင်းချင်လျှင် ပွဲရုံအနှံ့သွား၍ ဈေးစုံစမ်းပြီးမှ ရောင်းချရခြင်းကြောင့် အချိန်ကုန် ၊ လူပန်းပြီး ယခုကုန်စည်ဒိုင်တွင် ဆန္ဒတူသူများ စုဝေးရောင်းချနိုင်ပြီဖြစ်သဖြင့် ဈေးနှုန်း၊ အလေးချိန် စိတ်ချရကာ အချိန်ကုန်လည်း သက်သာသွားမည်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ကုန်သည်များနှင့် ဒစ်ဂျစ်တယ်ကတ္တားကုမ္ပဏီများကို အလေးချိန်စံကွာခြားချက်ကို နှစ်ကျပ်သားထိ ခွင့်ပြုပေးထားပြီး မရိုးမဖြောင့် လုပ်သူများရှိပါက သတိပေးခြင်း ၊ ဒဏ်ငွေရိုက်ခြင်းအပြင် ကုန်သည် နာမည်ကို Black List သွင်းကာ ထိုသူနှင့် အရောင်းအဝယ်လုပ်ကိုင်ခြင်း မပြုကြရန် ကြေညာမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မကွေးကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးကျော်ထွန်းထံမှ သိရသည်။
ကုန်စည်ဒိုင်၌ ဈေးကွက်စုံစမ်းကာ ရောင်းဝယ်လိုသူများအား တစ်ရက်စာဝင်ကြေး နှစ်ထောင်ကျပ် ကောက်ခံသွားမည်ဖြစ်ပြီး ကုန်စည်ဒိုင်အသင်းဝင်များ ၊ အရောင်းကိုယ်စားလှယ်များက ဝင်ကြေး ကင်းလွတ်ခွင့် ရမည်ဖြစ်သည်။
ကုန်စည်ဒိုင်တွင် အသင်းဝင်ကုန်သည်ပွဲစား ၃၆၂ ဦးရှိပြီး အသင်းဝင်ကြေးတစ်သိန်း ၊ နှစ်စဉ်ကြေး သုံးသောင်း ကောက်ခံကြောင်း၊ အသင်းဝင်များက ကုန်စည်ဒိုင်သို့ ကိုယ်စားလှယ်လွှတ်၍ ရောင်းဝယ်ခွင့် ရှိပြီး ကိုယ်စားလှယ်ကြေး နှစ်သောင်းကျပ် ၊ နှစ်စဉ်ကြေး ငါးထောင်ကျပ်ကောက်ခံကြောင်း သိရသည်။
ဇေယျတု(မကွေး)