ရန်ကုန် ၁၃ ဩဂုတ်

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများအား ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများထံသို့ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ထောက်ပံ့ငွေများ ပေးအပ်ရာတွင် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်မောင်က ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားသည်။ ထို့နောက် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦး ကျော်ကျော်မောင်၊ ဒုတိယမြို့နယ် အုပ်ချုပ် ရေးမှူး ဦးအောင်ကျင်ဆန်း တို့က မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၂၈၄၃၆ စု တို့အတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ငွေကျပ်စုစုပေါင်း ၅၆၈၇၂၀၀၀၀ ကို ရပ်ကွက်၊ ကျေးရွာ (၃၂)ရပ်ကွက်တို့မှ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ ကျေး စာရေးများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်သည်။

 

ထို့နောက် တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများထံသို့ ထောက်ပံ့ငွေ များကို ဆက်လက် ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ဧပြီလမှစတင်ကာ အခြေခံစားသောက်ကုန်(၅)မျိုးကို ပထမအကြိမ်အဖြစ် အိမ်ထောင်စု  ၂၆၁၀၉ စုကို လည်းကောင်း၊ ဒုတိယအကြိမ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် ထပ်တိုးအိမ်ထောင်စု ၂၃၂၇ စုအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် ငွေကျပ် ၃၄၉၀၅၀၀၀ ကို လည်းကောင်း၊ တတိယအကြိမ်တွင် အိမ်ထောင်စု ၂၈၄၃၆ စုတို့အတွက် ငွေကျပ် ၅၆၈၇၂၀၀၀၀ နှင့် ယခု စတုတ္ထအကြိမ်တွင် အိမ်ထောင်စု ၂၈၄၃၆ စုအတွက် ငွေကျပ် ၅၆၈၇၂၀၀၀၀ ကို လည်းကောင်း ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

လှလှထွေး(ပြန်/ဆက်)