မလှိုင် ၁၃ သြဂုတ်
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်နယ်ရှိ မဲဆန္ဒရှင်များအား ၂၀၂၀ ရွေးကောက်ပွဲ မဲပေးနိုင်ရေးအတွက် မှတ်ပုံတင်ရရှိရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိတယ်လို့ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ပြုလုပ်ရေး ဦးစီးဌာနက သိရပါတယ်။
မလှိုင်မြို့မှာ ၂၀၂၀ ရွေးကောက်ပွဲ မဲဆန္ဒရှင်များ စာရင်းအရ စုစုပေါင်းအင်အား ၁၁၄၅၆၃ ဦးရှိနေပြီး နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကတ်ရှိသူ ၁၀၆၆၃၆ ဦးရှိကာ မှတ်ပုံတင်မရှိသေးသူ (၇၉၂၉) ဦး ရှိနေသေးတာပါ။
“ကျွန်တော်တို့မြို့နယ်မှာ မဲစာရင်း ၁၁၄၅၆၃ ဦးရှိပြီး နိုင်ငံသားစီစစ်ရေးကတ်ပြားရှိသူ ၁၀၆၆၃၆ ဦးရှိပါ တယ်။ အပေါက်ကျန်နေသေးသူ (၇၉၂၇)ဦး ကျန်နေသေးတာပါ။ အဲဒီအတွက် ကျွန်တော်တို့က စီမံချက်ချပြီး စီမံချက်ကို လုပ်ငန်းစဉ် (၃) ရပ်ချမှတ်ဆောင်ရွက်နဲ့ ဆောင်ရွက်ပါတယ်။ လက်ရှိ လုပ်ငန်းစဉ် (၃)ရပ်ကို တစ်ပြိုင်နက်ထဲ ဆောင်ရွက်လျက်ရှိပြီး ကွင်းဆင်းဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာ ၂၀၂၀ ခုနှစ် ၉ လပိုင်း ၁၀ ရက်နေ့ ပြီးစီးအောင် ဆောင်ရွက်ရမယ်ဆိုတဲ့ အထက်ဌာနရဲ့ ညွှန်ကြားချက် အတိုင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါတယ်။ကျွန်တော်တို့ရုံးမှာ လူအင်အား (၁၂) ဦးရှိတဲ့ အတွက် ကွင်းဆင်းဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာ အဖွဲ့ (၄)ဖွဲ့ ဖွဲ့ထားပြီး ရုံးဖွင့်ရက် (၄)ရက်နဲ့ ရုံးပိတ်ရက် (၁) ရက်တို့မှာ တစ်ဖွဲ့ကို (၂) ဦးနှုန်းနဲ့ ကွင်း (၈)ကွင်းကို ကွင်းဆင်းဆောင်ရွက်လျက် ရှိတဲ့ အတွက် ကျွန်တော်တို့ ပြီးစီးအောင် ဆောင်ရွက်နိုင်ပါတယ်”ဟု မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးဌေးဝင်းက ပြောကြားသည်။
မလှိုင်မြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု ၅၆ စုရှိပြီး ယနေ့အချိန်ထိ ရပ်ကွက်/ကျေးရွာအုပ်စု ၁၉ စုကို နိုင်ငံသားမှတ်ပုံတင်လိုအပ်ချက် ဖြည့်စွက်ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန မှ သိရသည်။
ဘိုဘို(မလှိုင်)