ရွာငံ ၁၃ ဩဂုတ်
ရွာငံမြို့နယ်သည် စိုက်ပျိုးရေးကိုအခြေခံ၍ အခြားသောစီးပွားရေးလုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်လုပ်ကိုင်လျက်ရှိကြရာ စိုက်ပျိုးရေးကဏ္ဍ တိုးတက်လာသည်နှင့်အမျှ စပါးစိုက်ပျိုးမှုတွင် ယခင်နှစ် ထက် ယခု ကိုဗစ်ကာလတွင် ဝမ်းစာဖူလုံရေးအတွက် ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။
ရွာငံမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ လယ်မြေနယ်ပါးပြီး တောင်ယာစိုက်ခင်းများဖြင့်သာ အဓိကအသက်မွေးလုပ်ကိုင်ကြသည်။ ယခုနှစ် ကိုဗစ်ကာလတွင် တောင်ယာများ၌ ကုန်မြင့်-၂ (ခေါ်) ဒေသ ဆန်နီမျိုးများ အများအပြားစိုက်ပျိုးလာရာမှ လယ်စပါး ရွှေရင်အေးစပ်မျိုးများကိုလည်း တောင်ယာများ၌ အစားထိုးစိုက်ပျိုးလာသူ များပြားလာကြောင်း သိရသည်။
အဆိုပါမျိုးများ၏ တစ်ဧကမျိုးစပါးဝင်ဆန့်မှုမှာ ၂၄ ပြည်(၁၀ ဘူး၊ တစ်ပြည်)ခန့် အသုံးပြုရပြီး တစ်ဧက အထွက်နှုန်းမှာ ၄၅ တင်းမှ တင်း ၅၀ အထိသာ ထွက်ရှိရာ တစ်ဧကကုန်ကျစရိတ်သည် ရွှေရင်အေးစိုက်ပျိုးမှု ကုန်ကျစရိတ်ထက် များသည်။ တောင်ယာတွင် ရွှေရင်အေးစပ်မျိုးစပါးတစ်ဧက မျိုးစေ့ (၈)ပြည်ခန့်သာ သုံးရပြီး တစ်ဧကအထွက်နှုန်းမှာ တင်း ၁၀၀ မှ ၁၂၀ အထိရှိ၍ မျိုးဝင်ဆံ့မှုနှင့် အထွက်နှုန်းမှာ ကွာခြားသောကြောင့် တောင်သူများအနေဖြင့် ကုန်ကျစရိတ်သက်သာပြီး အထွက်နှုန်းတိုးတက်ကောင်းမွန်သော လယ်မှာ စိုက်ပျိုး သည့် ရွှေရင်အေးစပါးစပ်မျိုးများကို တောင်ယာများတွင် စိုက်ပျိုးတောင်သူ များပြားလာကြသည်။
ရွှေရင်အေးစိုက်ပျိုးခြင်းဖြင့် တောင်သူများ ဝမ်းစာဖူလုံခြင်းနှင့် အကျိုးခံစားခွင့်များပြီး စားရသောဆန် အရည်အသွေး ကောင်းမွန်ခြင်း၊ ပိုလျှံသောဆန်များကို ဈေးကွက်သို့တင်ပို့ရာတွင် ဈေးကောင်းရခြင်းတို့ကြောင့် တောင်သူများ တွက်ခြေကိုက်ကြောင်း သိရသည်။
ရွာငံမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် (၄၀၈၂)ပေတွင် တည်ရှိပြီး တစ်နှစ်တာ မိုးရေချိန် ပျမ်းမျှ (၁၂၇)ရက်မှာ (၈၁ ဒသမ ၂၉)လက်မခန့်ရွာသွန်းပြီး ယခုနှစ် မိုးရာသီတွင် ယာစပါးစိုက် ဧကပေါင်း လျာထား (၁၅၆၂၇)ဧကရှိရာမှ ယခု ကိုဗစ်ကာလတွင် လျာထားဧကထက်ကျော်လွန်၍ တောင်သူများ တောင်ယာစပါး များကို ဦးစားပေးထားစိုက်ပျိုးလာကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်