ဖရူဆို ၁၃ ဩဂုတ်

နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေး ကုစားမှုအစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ မိသားစုများဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP)ဖြင့် ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာသို့ ပထမအကြိမ် ချေးငွေထုတ်ချေးခြင်းကို ဩဂုတ်လ ၅ ရက်မှ ၁၂ ရက်အထိ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ဖရူဆိုမြို့နယ်အတွင်းရှိ ကေးလျားကျေးရွာ၊ ထီးသဲကူးကျေးရွာ၊ မာခရော်ရှေ့ကျေးရွာ ၃ ရွာအတွက် ရန်ပုံငွေကျပ်သိန်း(၃၀၀)စီအား လည်းကောင်း၊ ကဒါးလားကျေးရွာ၊ လောဂျာကျေးရွာ၊ ဒိုးပရယ်ကျေးရွာ၊ လောထောတနောကျေးရွာ ၄ ရွာတို့တွင် ရန်ပုံငွေကျပ်သိန်း(၂၀၀)စီအား လည်းကောင်း၊ တနောကလော ကျေးရွာ၊ ခိုးရားခူကျေးရွာ ထီးသော်တနီးကူးကျေးရွာ၊ လျားဒူကျေးရွာ ၄ ရွာတို့တွင် ရန်ပုံငွေကျပ်သိန်း (၁၀၀)စီအား လည်းကောင်း စုစုပေါင်း ကျေးရွာ ၁၁ ရွာအား ချေးငွေကျပ်သိန်း ၂၁၀၀ ကို  ထုတ်ချေးပေးခဲ့ခြင်း ဖြစ်သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ဖရူဆိုမြို့နယ် ကျေးလက်မှ ​မြို့နယ်ဦးစီးမှူး ​ဒေါ်ဖြူစင်သန့်၊ ဦးစီးအရာရှိ ဦးဒေးဖဲ၊ ဒုတိယ ဦးစီးမှူး ဒေါ်မိမိခိုင်၊ လက်ထောက်ကွန်ပျူတာ လုပ်ဆောင်ရေးမှူး ဒေါ်ပုလဲဖောဆော်မိုး တို့ လိုက်ပါကြီးကြပ် ဆောင်ရွက်ခဲ့ပြီး ကျေးရွာများအနေဖြင့် ရရှိသော မတည်ရန်ပုံငွေအား အကျိုးရှိစွာ အသုံးချရေး လည်ပတ်ရန်ပုံငွေ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး စာရင်းဇယားများ စနစ်တကျ ဆောင်ရွက်ထားရှိရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြကြောင်း သိရသည်။

ငြိမ်းသူ