လက်ပံတန်း ၁၃ ဩဂုတ်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အမည်စာရင်းများကို သတ်မှတ်ပုံစံ အတိုင်း ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၇ ရက်အထိ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာထားရှိပြီး မဲဆန္ဒရှင် စာရင်းများ ပိုမိုပြည့်စုံမှန်ကန်စေရန်နှင့် မဲဆန္ဒရှင်များမှ လိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများ ဆောင်ရွက်ရန်အတွက် အချိန်ပိုမိုရရှိစေရန် ရည်ရွယ်၍ ဩဂုတ် ၈ ရက်မှ ၁၄ ရက်အထိ ထပ်မံတိုးမြှင့်ကပ်ထားပြီး မဲဆန္ဒရှင်များမှာ စိတ်ဝင်တစား လာရောက် ကြည့်ရှုကြကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၃)အုပ်စု၌ မဲရုံပေါင်း (၁၇၆) ရုံ ဖွင့်လှစ်သွားမည်ဖြစ်ရာ မဲပေးပိုင်ခွင့်ရှိသူ ၁၃၀၂၅၅ ဦးရှိပြီး မဲစာရင်းများ စနစ်တကျ ကပ်ထားကြေညာမှုနှင့် ပြည့်စုံမှန်ကန်စေရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
လက်ပံတန်းမြို့နယ်တွင် ယမန်နေ့အထိ မဲစာရင်းကပ်ထားမှုအား မဲဆန္ဒရှင်များမှ နေ့စဉ် လာရောက် ကြည့်ရှုသူ(၂၇၀၇၉)ဦး ရှိကြောင်းနှင့် ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည် ထည့်သွင်း ပေးရန် တောင်းဆိုသူ (၁၄၇၇)ဦး၊ ပုံစံ(၄)ဖြင့် မဲစာရင်းနှင့် စပ်လျဉ်းသော ကန့်ကွက်လွှာ (၂၃၀)၊ ပုံစံ(၄-ဂ)ဖြင့် မဲစာရင်းနှင့် စပ်လျဉ်းသော ပြင်ဆင်လွှာ (၇၀၂)ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ဝင့်နန္ဒာဌေး