စေတုတ္တရာ ၁၃ ဩဂုတ်
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဖအိုင်းအနောက်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ရန်ပုံငွေ ကျပ်သိန်း(၁၀၀)ဖြင့် ဆောင်ရွက်နေသာ ဘက်စုံသုံးခန်းမဆောင် တည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘက်စုံသုံးခန်းမဆောင်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ရန်ပုံငွေ ကျပ်သိန်း(၁၀၀)၊ ပြည်သူလူထုထည့်ဝင်ငွေ ကျပ်(၃၁)သိန်း စုစုပေါင်းကျပ်(၁၃၁) သိန်းဖြင့် အလျားပေ(၅၀)၊ အနံပေ(၃၀)၊ အမြင့်(၁၁)ပေ ရှိသော အုတ်ညှပ်အဆောက်အဦကို ကျေးရွာဖွံ့ဖြိုးရေးကော်မတီက ၂၀၂၀ ပြည့်နှစ် မတ် ၃ ရက်မှစတင်၍ လုပ်ငန်းစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်း ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်းအနေဖြင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ရန်ပုံငွေများဖြင့် ကျောက်ပုံကျေးရွာတွင် ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်း၊ ဖျင်ကြီးကျေးရွာတွင် KG ကျောင်းဆောင် တည်ဆောက်ခြင်းလုပ်ငန်း၊ တန့်လည်ကျင်းကျေးရွာတွင် ကျေးရွာစာကြည့်တိုက်ဆောက်လုပ်ခြင်းလုပ်ငန်းနှင့် ဖအိုင်းအနောက်ကျေးရွာ တွင် ဘက်စုံသုံးခန်းမဆောင် တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းထံမှ သိရသည်။
စည်သူလွင်(ပြန်/ဆက်)