နေပြည်တော် ၁၃ ဩဂုတ်
နေပြည်တော်အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက MSME လုပ်ငန်းများနှင့် ပတ်သက်ပြီး ချေးငွေလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေတွေကို ကွင်းဆင်းလေ့လာပြီး ချေးငွေပြန်ရမှု၊ သုံးစွဲမှု ပြည်သူလူထု၏ လိုအပ်သည့် အကူအညီများကိုလည်း ဆောင်ရွက်စေလိုကြောင်း၊ MSMEလုပ်ငန်းဆောင်ရွက် ပေးနေသည့် သက်ဆိုင်ရာဌာနဆိုင်ရာအားလုံးက မိမိတို့ကူညီပေးနေသည့် ကိစ္စရပ်တွေကို ပြည့်ပြည့်စုံစုံ စာရင်းဇယာဖြင့် ရှင်းလင်းပေးစေလိုကြောင်း၊ မိမိတို့ဌာန၏ညွှန်ကြားချက်များနှင့်အညီ ပြည်သူလူထု၏ စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ အေဂျင်စီအဖွဲ့ဝင်များနှင့် ဘဏ်အသီးသီးမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်နေမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးကြရာ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း က ဆွေးနွေးချက်များအပေါ် ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)