လောင်းလုံး ၁၃ သြဂုတ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေး နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဉီးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို သြဂုတ် ၁၁ ရက်မှ ၁၂ ရက်အထိ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာအုပ်စု၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၊ နိုင်ငံသား အခွင့်အရေး မဆုံးရှုံးစေရန် ရည်ရွယ်၍ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများကို ကွင်းဆင်းဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ လောင်းလုံးမြို့နယ် ဉီးစီးမှူးရုံးမှ မြို့နယ်ဉီးစီးမှူး ဉီးမောင်မောင်ထံမှ သိရသည်။ နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို မောင်းမကန်ကျေးရွာအုပ်စုမှ (၁၅၈)ဉီးနှင့် အိမ်ထောင်စုလူဉီးရေစာရင်း(၂၀) ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန လောင်းလုံး မြို့နယ် ဉီးစီးမှူး ဉီးမောင်မောင်နှင့် ဝန်ထမ်းများ၊ NRC မှ တာဝန်ခံ ဒေါ်ယဉ်မော်ချောနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သိန်းသိန်း(ပြန်/ဆက်)