မင်းပြား ၁၃ သြဂုတ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့၌ ငါးလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်လူငယ်အသင်းတို့ ပူးပေါင်းကာ ငါးမျိုးများ မပြုန်းတီးစေရေးနှင့် ငါးသယံဇာတများတိုးပွားလာရန် ရည်ရွယ်၍ ပထမအကြိမ်မြောက် လေးမြို့မြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းနှင့် ဇီဝိတဒါန ငါး(အရှင်) လွှတ်ပွဲအခမ်းအနားကို သြဂုတ် ၁၀ ရက် ညနေပိုင်းက ပြည်တော်အေးရပ်ကွက်ရှိ အဉ္စနနဒီ အမြန်ရေယာဉ်ဆိပ်ကမ်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မြို့နယ်သံဃနာယကဆရာတော်များက  မေတ္တာပို့သကာ ဇီဝိတဒါနအဖြစ် ငါး(အရှင်) များအား လေးမြို့မြစ်အတွင်းသို့ လွှတ်ပေးခဲ့သည်။

 

ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းငြိမ်းနိုင်၊ ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ငွေစိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ များမှ တာဝန်ရှိသူများက ငါးမြစ်ချင်းသားပေါက်ကောင်ရေ ၇၀၀၀ ကျော်အား ပထမအကြိမ် လေးမြို့မြစ်အတွင်းသို့ စိုက်ထည့်လွှတ်ပေးခဲ့ကြကြောင်း သိရှိရသည်။

တင်ထွန်းဦး(ပြန်/ဆက်)