ပုဂံ ၁၄ သြဂုတ်
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေး ကျဆင်းလျက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ခရီးသွားလုပ်ငန်းများ ပြန်လည်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ Covid-19 Relief Package 1 ခရီးသွား လုပ်ငန်း (အခြေခံ) ၄ပတ်၊ ၈ရက် သင်တန်းဆင်းပွဲအခမ်းအနားကို သြဂုတ် ၁၃ ရက် ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့ဟောင်းရှိ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) (BITC) ဘုတ်ကျောင်းသင်တန်းခန်းမတွင် ကျင်းပပြုလုပ်သည်။
သင်တန်းဆင်းပွဲတွင် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲ(တာဝန်ခံ) ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး ပုဂံဧည့်လမ်းညွှန်များ အသင်းဥက္ကဋ္ဌ ဦးသန်းဌေးက သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများမှ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ် အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ Covid-19 Relief Package 1 ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းကို ခရီးသွားလုပ်ငန်းတွင် တိုက်ရိုက်ပါဝင်ပတ်သက်ဆက်စပ်လျက်ရှိသော ပုဂံဧည့်လမ်းညွှန်များ အသင်း မှ ဝါရင့် ဧည့်လမ်းညွှန် ဆရာများမှ သင်ကြားပို့ချခဲ့ခြင်းဖြစ်ပြီး စက်လှေမောင်းသမားများ၊ မြင်းလှည်းမောင်းသမားများ စုစုပေါင်း ၂၀ တို့ တက်ရောက်ခဲ့ကြသည်။
သင်တန်းကို ဩဂုတ် ၁ ရက်၊ ၂ ရက် နှင့် ဩဂုတ် ၈ ရက်မှ ၁၃ ရက်ထိ ၆ ရက် စုစုပေါင်း ၈ ရက်ကြာဖွင့်လှစ်သင်ကြား ပို့ချခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းသား (၁)ဦးလျှင် နေ့တွက်စားရိတ် ငွေကျပ် ၄၈၀၀ နှုန်းဖြင့်လည်းကောင်း၊ သင်ကြားရေးဆရာတစ်ဦးလျှင် (၂၀၀၀၀) ကျပ်နှုန်းဖြင့် လည်းကောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဖေလိန်း(ပုဂံ)