ရှမ်းရွာသစ် ၁၄ ဩဂုတ်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ အသက်(၆)လမှ (၅)နှစ်ထိ ကလေးငယ်များ ပုံမှန်ကြီးထွာဖွံ့ဖြိုးရန်နှင့် အမြင်အာရုံများ ကောင်းမွန်စေရန် ရည်ရွယ်ပြီး ဗီတာမင်အေ ဆေးများ တိုက်ကျွေးခြင်း လုပ်ငန်းများကို ယနေ့နံနက်(၉)နာရီမှစ၍ မြို့ပေါ်(၄)ရပ်ကွက်တွင် ဗီတာမင်အေ နှင့် သန်ချဆေး တိုက်ကျွေးခြင်းလုပ်ငန်းကို ကျေးလက်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးရာတွင် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နော်အေးအေးချိုက ကလေးမိခင်များအား ကလေးများ ကြီးထွားဖွံ့ဖြိုးရန်အတွက် အစာအာဟာရ ပြည့်ဝလုံလောက်စွာ ကျွေးမွေးစေရန် ပညာပေးဆွေးနွေးခြင်းနှင့် ကျန်းမာရေးသိကောင်းစရာများကို အသိပညာပေးဟောပြောပြီးနောက် ကလေးငယ်များအား ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ အရပ်တိုင်းပေးခြင်းနှင့် လက်မောင်းလုံးပတ် တိုင်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထို့နောက် ကျေးလက်ကျန်းမာရေးဝန်ထမ်းများက အသက်(၆)လမှ (၁၁)လအထိ ကလေးငယ်များအား ယူနစ်(၁)သိန်းအား ဗီတာမင်အေ အပြာဆေးတစ်လုံး၊ အသက်(၁၂)လမှ (၅)နှစ်အထိ ကလေးငယ်များအား ယူနစ်(၂)သိန်းအား ဗီတာမင်အေအနီတစ်လုံးနှင့် အသက်(၂)နှစ်မှ (၅)နှစ်အထိ ကလေးငယ်များအား သန်ချဆေးများ တိုက်ကျွေးခဲ့ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)