ညောင်ဦး  ၁၄    ဩဂုတ်          

 

မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးခရိုင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်ခြင်းအား ယမန်နေ့နံနက် ၁၀ နာရီက ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရှေ့ဦးစွာ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးမျိုးမင်းသန်းက လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း စိစစ်ခြင်းနှင့် ပတ်သက်၍ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များအား တက်ရောက်လာကြသော ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွင် ပါဝင်သည့် ဌာနဆိုင်ရာများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ရှင်းလင်းပြောကြားသည်။

 

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများ စိစစ်ခြင်း လုပ်ငန်းတွင် ညောင်ဦးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးနေမျိုးဝင်းက ညောင်ဦးခရိုင် အတွင်းတွင် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း များကို ဩဂုတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ စိစစ်ရမည်ဖြစ်ကြောင်း၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအနေဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များကို စိစစ်မည်ဖြစ်ပြီး ကိုယ်စားလှယ် အရည်အချင်းပြည့်စုံမှု ရှိ/မရှိ စနစ်တကျ စိစစ်ရန်ဖြစ်ကြောင်း ပြောကြားသည်။

 

ညောင်ဦးခရိုင်အတွင်းရှိ နိုင်ငံရေးပါတီ (၆)ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၀) တက်ရောက်ကာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၄)နေရာအတွက် လွှတ်တော် ကိုယ်စား လှယ်လောင်း ၂၀ တို့၏ အမည်စာရင်း တင်သွင်းလွှာများအား စိစစ်ခဲ့ကြောင်း  သိရသည်။

 

ကျော်မင်းဦး (ရေနံချောင်း)