မင်းဘူး ၁၄ ဩဂုတ်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက တောဘို့ကုန်းကျေးရွာ တောင်သူဒေါ်ဝင်း၏ လယ်မြေ ၂၅ ဧကတွင် ကျင်းပခဲ့သည်။
ကွင်းသရုပ်ပြပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငွေ၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးလင်းမြတ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးလင်းမြတ်မှ မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၂၆ မြို့နယ်ဖြင့် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် CERP အရ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းအဖြစ် ၉၁၄၅ ဧက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မျိုးစေ့ထုတ်စိုက်ခင်းဆောင်ရွက်သော တောင်သူများကိုလည်း နိုင်ငံတော်မှ တစ်ဧကလျှင် ထောက်ပံ့ငွေကျပ် ၁၅၀၀၀၀ ခန့်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ထွက်ရှိ လာမည့် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များကို တိုင်းဒေသကြီးအတွင်း ဖြန့်ဝေပေးနိုင်ရန်နှင့် မျိုးစေ့ထုတ်တောင်သူများ အလေ့ကျင့်ကောင်းများရရှိနိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း တက်ရောက် လာသူများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်ဝင်းမှ မင်းဘူး(စကု)မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ မိုးစပါး RS to CS မျိုးစေ့ထုတ်စိုက်ခင်း ဧက (၇၀၀) ဆောင်ရွက်ထားရှိမှု အခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးနှင့် တာဝန်ရှိသူများက ကောက်စိုက်လုံမေများအတွက် ခမောက်ဦးထုပ်များ၊ သနပ်ခါးခဲများ၊ အချိုရည်ဗူးများ၊ ရေသန့်ဗူးများနှင့် မုန့်များကို လက်ဆောင်ပေးအပ်ခဲ့ပြီးနောက် ကောက်စိုက်လုံမေများ ခြောက်တန်းကို တစ်တန်းလှပ် စနစ်ဖြင့် စိုက်ပျိုးနေမှုများနှင့် တစ်ဧက ကောက်ကွက် ပြည့်မှီရေးတို့ကို လိုက်လံကြည့်ရှု့ စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)