ထန်တလန် ၁၄ ဩဂုတ်
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးရန် ချင်းပြည်နယ်၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့တွင် ဖလမ်းမြို့ မြို့တော်ခန်းမ တည်ဆောက်နေမှု၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသစ်တည်ဆောက်ပြီးစီးမှု၊ ခုတင် (၂၀၀) ဆံ့ပြည်သူ့ဆေးရုံတိုးချဲ့ဆောင် တည်ဆောက်နေမှု၊ ဖလမ်း(ဆူရ်ဘုန်) လေယာဉ်ကွင်း တည်ဆောက်နေမှု၊ Cyclone Shelter ဆောက်လုပ်နေမှု၊ ထန်တလန်မြို့ စက်မှုအထက် တန်းကျောင်း၊ ထန်တလန်လျှပ်စစ်ဓာတ်အားခွဲရုံနှင့် ထန်တလန်ပြည်သူ့ ဆေးရုံတိုးချဲ့ ဆောင်တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဖလမ်းမြို့ မြို့တော်ခန်းမ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီး ဦးစိုးထက် က တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယသမ္မတသည် ဖလမ်းမြို့တော်ခန်းမ တည်ဆောက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
အဆိုပါခန်းမသည် သံကူကွန်ကရစ် ၃ ထပ်အဆောက်အဦးဖြစ်ပြီး အလျားပေ- ၁၀၀၊ အနံပေ- ၆၀၊ အမြင့် ၄၂ ပေရှိပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အိန္ဒိယနိုင်ငံ ထောက်ပံ့ငွေကျပ် ၄၆၅ သန်းနှင့် ပြည်နယ် စည်ပင်သာယာရန်ပုံငွေ ကျပ် ၃၈၅ သန်း စုစုပေါင်း ငွေကျပ်သန်း ၈၅၀ ဖြင့်တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် ဒုတိယသမ္မတ သည် ဖလမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးသစ် တည်ဆောက်ပြီးစီမှုအား ကြည့်ရှုစစ်ဆေးရာ ဖလမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြာအွယ် နှင့် တာဝန်ရှိသူများက အဆောက်အဦနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
အဆိုပါအဆောက်အအုံသစ်သည် အလျားပေ - ၁၀၀၊ အနံပေ - ၇၀၊ အမြင့် ၄၃ ပေရှိပြီး စီမံကိန်းတန်ဖိုး ငွေကျပ်သန်း ၇၀၀ ဖြစ်ကြောင်းသိရသည်။
ထို့နောက် ဒုတိယသမ္မတ သည် ဖလမ်းမြို့သူနာပြုသင်တန်းကျောင်း၊ ချယ်ရီခန်းမ သို့ရောက်ရှိပြီး ဖလမ်းမြို့မှ မြို့မိမြို့ဖများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယသမ္မတ က ချင်းပြည်နယ်(မြောက်ပိုင်း)၏ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးရန်နှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်သည်များကို ထပ်မံဖြည့်ဆည်းပေးရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊ အလားတူ မိုးရာသီကာလအတွင်း ဆက်သွယ်သွားလာရန်ခက်ခဲသည့် ချင်းပြည်နယ်ရှိ ဒေသခံပြည်သူများ၏ သွားလာရေး ခက်ခဲမှုများကို လက်တွေ့သိရှိနိုင်ရန် လာရောက်ရခြင်းလည်းဖြစ်ပါကြောင်း။
ဖွံ့ဖြိုးမှုနောက်ကျခဲ့ရသည့် ချင်းပြည်နယ်သည် ယခုဆိုလျှင် သိသာစွာပြောင်းလဲ ဖွံ့ဖြိုးတိုးတက်နေသည်ကို တွေ့မြင်ကြရမည်ဖြစ်ပါကြောင်း၊ အစိုးရ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စည်းလုံးညီညွတ်မှု၏ အသီးအပွင့်ရလဒ်ကောင်းများပင် ဖြစ်ပါကြောင်း၊ အနာဂတ်ကာလများတွင်လည်း နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အကောင်းဆုံး ဆက်လက်ဆောင်ရွက် ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း။
ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာ ဗဟုသုတများနှင့် လမ်းညွှန်ချက်များကို အထူးအလေးထား လိုက်နာကျင့်သုံးကြစေလိုပါကြောင်း၊ ကိုဗစ် - ၁၉ ကပ်ရောဂါသည် ကြီးမားသောစိန်ခေါ်မှုတစ်ရပ် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ဆိုင်ရာ အမိန့်၊ ညွှန်ကြားချက်နှင့် စည်းကမ်းများကို လိုက်နာဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
အသက် ၁၈ နှစ်ပြည့်ပြီး ၅ နှစ်လျှင် တစ်ကြိမ်သာ ဆန္ဒမဲပေးခွင့်ရှိသည်ဖြစ်၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ ရာနှုန်းပြည့် ဆန္ဒမဲပေးနိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ စနစ်တကျသေချာစွာ ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဖလမ်းမြို့မှမြို့မိမြို့ဖ ဥက္ကဋ္ဌ ဦးဟရန်းလောမ် က ဒေသဖွံ့ဖြိုးရေးလိုအပ် ချက်များဖြစ်သည့် ဖလမ်းမြို့ပြည်သူ့ဆေးရုံကို ၃ ထပ်အဆောက်ဦသစ်အဖြစ် ဆောက်လုပ် ပေးနိုင်ရေး၊ ဖလမ်းမြို့ မြေပြိုကျနိုင်သည့်နေရာ ၅ နေရာကို ကျောက်စီနံရံများ တည်ဆောက် ပေးနိုင်ရေးနှင့် Cyclone Shelter နှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ထပ်မံ ဖြည့်ဆည်းပေးနိုင်ရေး တို့ကိုရှင်းလင်းတင်ပြပြီး ရိဒ်ခေါ်ဒါရ်မြို့ မြို့မိမြို့ဖ ဆလိုင်း သိန်းဌေးလွင် က ရိဒ်ခေါ်ဒါရ်မြို့ရှိ (၁၆) ခုတင်ဆံ့ဆေးရုံကို (၂၅)ခုတင်ဆံ့ဆေးရုံအဖြစ်တိုး မြှင့်ပေးနိုင်ရေး၊ ရိဒ်ခေါ်ဒါရ်မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး၊ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ဒီဇယ်မီးစက် ထောက်ပံ့ပေးနိုင်ရေးနှင့် ရိဒ်ခေါ်ဒါရ်မြို့အား မြို့နယ်အဆင့် တိုးမြှင့်ပေးနိုင်ရေးတို့ကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့် နှင့် ဦးခင်မောင်ဝင်း၊ ပြည်နယ်ဝန်ကြီး ဦးစိုးထက်နှင့် ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဒေါက်တာစိုးဦး နှင့် ဦးဝင်းနိုင်ထွန်းတို့က ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် ဒုတိယသမ္မတ က ကိုဗစ်-၁၉ ကာလတွင် ပါဝင်ဆောင်ရွက်နေကြသည့် ဖလမ်းမြို့ စေတနာ့ဝန်ထမ်းပရဟိတ အဖွဲ့အား ထောက်ပံ့ငွေပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ နှင့် ဒုတိယဝန်ကြီး ဦးမြင့်ကြိုင် တို့က ဖလမ်းမြို့ အမှတ်(၁)ရပ်ကွက်၊ ကျင်မွှာရပ်ကွက်နှင့် ခေါလယ်ကျေးရွာတို့မှ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ကြသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ သစ္စာစီမံချက်အရ ဖလမ်းမြို့ ရပ်ကွက် နှစ်ရပ်ကွက်နှင့် ကျေးရွာ ရှစ်ရွာတို့မှ ဒေသခံပြည်သူ ၃၁၈ ဦးကို နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် ဒုတိယသမ္မတ သည် ဖလမ်းမြို့ သူနာပြုသင်တန်းကျောင်းဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီး ဦးစိုးထက်၊ အမြဲတမ်းအတွင်း ဝန်ဦးရွှေလေးနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြစန်း တို့က အဆောက်အဦဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြသည်။
အဆိုပါသင်တန်းကျောင်းဆောင်သည် အလျားပေ ၁၄၀၊ အနံပေ ၃၀ ရှိပြီး သံကူကွန်ကရစ်အမျိုးအစား နှစ်ထပ်ကျောင်းဆောင်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယသမ္မတ သည် ဖလမ်းမြို့ ခုတင်(၂၀၀) ဆံ့ပြည်သူ့ ဆေးရုံတိုးချဲ့ဆောင် တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ကျန်းမာရေးဦး စီးဌာနမှူး ဒေါက်တာ အောင်ငွေစံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ တလွန်ကျုံးထန် တို့က လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြကြသည်။
အဆိုပါ တိုးချဲ့ဆောင်သည် အလျားပေ- ၁၅၀ ၊ အနံ ၆၂ ပေနှင့် အမြင့် ၂၈ ပေရှိပြီး သံကူကွန်နှစ်ထပ်ဆောင်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ဖလမ်း(ဆူရ်ဘုန်) လေဆိပ် ရှင်းလင်းဆောင်သို့ရောက်ရှိရာ လေကြောင်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး က လေယာဉ်ကွင်း တည်ဆောက်နေမှု၊ လေဆိပ် ဆိုင်ရာအချက်အလက်များ နှင့် Flight Check ဆောင်ရွက်ရာတွင် အကြံပြုချက်များအရ လေယာဉ်များ ပိုမိုအန္တရာယ်ကင်းရှင်းစွာ ဆင်းတက်နိုင်ရန် လေယာဉ်ပြေးလမ်း မြောက်ဘက်ထိပ် ဝဲ/ ယာ နှစ်ဘက်ရှိ တောင်များအား တောင်ဖြိုခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့ကိုရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတ သည် လေယာဉ်ကွင်း နှင့် လေဆိပ်တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ဖလမ်း(ဆူရ်ဘုန်) လေဆိပ်သစ်တည်ဆောက်ခြင်းဖြင့် လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေခြင်း၊ လူမှုရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးကိစ္စများ တိုးတက်လွယ်ကူ လျင်မြန်စေခြင်း၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေးလုပ်ငန်း တိုးတက်ခြင်း၊ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊ ကျေးလက်နေပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း၊ နိုင်ငံတော်၏ လူမှုစီးပွားတိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊ ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများရရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် မူလခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြို့ပြလုပ်ငန်းများအပေါ် ယနေ့အထိ ၉၈ ရာခိုင်နှုန်းပြီးစီးပြီဖြစ် ကြောင်း၊ ဖလမ်း (ဆူရ်ဘုန်) လေဆိပ်သစ် ပထမအဆင့် တည်ဆောက်ခြင်းလုပ်ငန်း စီမံကိန်း တစ်ခုလုံးအပေါ်ပြီးစီးမှု ၉၈ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတ သည် ဖလမ်းမြို့ Cyclone Shelter သို့ရောက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ညွန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း နှင့် ညွှန်ကြားရေးမှူး ဦးမင်းသိန်း တို့က တည်ဆောက်ပြီးစီးသည့် Cyclone Shelter များအခြေအ နေ၊ Cyclone Shelter များတွင် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီရန်ပုံငွေဖြင့် ဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးတည်ဆောက်မှု လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု၊ တိုက်ပွဲရှောင်ပြည်သူများအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများတင်ပြထားရှိမှုတို့ကို ရှင်းလင်းတင်ပြကြရာ ဒုတိယသမ္မတ က သိရှိလိုသည်များကို မေးမြန်းသည်။
အဆိုပါ Cyclone Shelter သည် အလျားပေ ၉၀ ၊ အနံ ပေ ၆၀ ရှိပြီး ခွင့်ပြုရန်ပုံငွေ ငွေကျပ် ၂၃၈ ဒသမ ၈၅၀ သန်းဖြစ်ကြောင်းသိရသည်။
ယင်းနောက် ဒုတိယသမ္မတ သည် အစိုးရနည်းပညာအထက်တန်းကျောင်း (ထန်တလန်) အားကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦး က ကျောင်းဆိုင်ရာ အချက်အလက်များ၊ ၂၀၁၈-၂၀၁၉ မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် လျာထားတည်ဆောက်ရေး လုပ်ငန်းသစ်များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတ ကသိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်း လျန်လွယ်၊ ပြည်နယ်ဝန်ကြီးဦးစိုးထက်နှင့် ဦးပေါင်လွန်မင်းထန်၊ နှင့် ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦး တို့က ပြန်လည်ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဘဏ္ဍာနှစ်စတင်ချိန်မှစ၍ ပွင့်လင်းရာသီကာ လအတွင်း စီမံကိန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်နိုင်ရေး ကြိုတင်စီမံပြင်ဆင်ဆောင် ရွက်သွားကြရန်၊ ကျောင်းတွင်း သန့်ရှင်းသော သောက်သုံးရေဖူလုံစွာရရှိနိုင်ရေး စီမံဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် ဒုတိယသမ္မတ သည် ကျောင်းအဆောက်အဦနှင့် သင်တန်းသားလက် တွေ့အလုပ်ရုံတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
အဆိုပါကျောင်းသည် ထန်တလန်မြို့၏ တောင်ဘက် (၄)မိုင်အကွာတွင်တည်ရှိပြီး အကျယ်အဝန်း ၄၀ ဒသမ ၆ ဧကရှိကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေ ကျပ် ၉၄၁ ဒသမ ၁၈၄သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အလျား ၁၉၂ ပေ၊ အနံ ၃၈ ပေရှိပြီးသံကူကွန်ကရစ် (၃) ထပ်အဆောက်အဦဖြစ်ကြောင်း၊ ကျောင်းတွင် အဆောက်အဦ နည်းပညာသင်တန်း၊ လျှပ်စစ်နည်းပညာသင်တန်းနှင့် မော်တော်ယာဉ်နည်း ပညာသင် တန်းတို့ကို သင်တန်းတစ်ခုလျှင် သင်တန်းသား ၃၀ စီ လက်ခံသင်ကြားပေး သွားမည် ဖြစ်ကြောင်း၊ သက်မွေးတိုကာလသင်တန်းများအနေဖြင့် အခြေခံပန်းရံ၊ အခြေခံလက်သမား၊ သံချည်သံကွေး၊ မော်တော်ဆိုင်ကယ်ပြုပြင်ခြင်း၊ အိမ်တွင်းလျှပ်စစ်ပစ္စည်းပြုပြင် ထိန်းသိမ်းရေးနှင့် အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်း သင်တန်းများကို သင်တန်းတစ်ခုလျှင် သင်တန်းသား ၂၀ စီ လက်ခံသင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတသည် ထန်တလန်မြို့ ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတည်ဆောက်ခြင်း လုပ်ငန်းအားကြည့်ရှုစစ်ဆေးရာ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးဝင်း တို့က ချင်းပြည်နယ်အတွင်း လက်ရှိလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးထားရှိမှုအခြေအနေနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ရန်လျာထားသည့် စီမံကိန်းဆိုင်ရာများနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ချင်းပြည်နယ် ထန်တလန်မြို့ ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတွင် တည်ဆောက်မည့် တည်ဆောက်ရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတသည် ထန်တလန်မြို့ရေပေးဝေရေး ရေလှောင်ကန် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးဦးစိုးထက်နှင့် ထန်တလန် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဗန်ဇအုပ်တို့က လုပ်ငန်းပိုင်းဆိုင်ရာများကို ရှင်းလင်းတင်ပြကြသည်။
အဆိုပါ ရေလှောင်ကန်သည် အလျား ပေ ၄၀ ၊ အနံ ပေ ၄၀ နှင့် အမြင့် ၁၀ ပေနှင့် ၆ လက်မရှိ သံကူကွန်ကရစ် ရေလှောင်ကန်ဖြစ်ပြီး ခွင့်ပြုရန်ပုံငွေ ငွေကျပ် ၁၂၈ ဒသမ ၉ သန်းဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယသမ္မတ သည် ထန်တလန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ခွဲစိတ်ခန်းပါတိုးချဲ့ (၂)ထပ်ဆောင် တည်ဆောက်လုပ်ခြင်းလုပ်ငန်းအားကြည့် ရှုစစ်ဆေးရာ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံ နှင့် ဆေးရုံအုပ်ကြီး ဒေါက်တာ ထွန်းပွားတို့က အဆောက်အဦနှင့်စပ်လျဉ်း၍ လိုက်လံရှင်းလင်းတင်ပြကြသည်။
အဆိုပါ တိုးချဲ့ဆောင်သည် အလျားပေ ၁၅၀၊ အနံ ၆၂ ပေ ရှိပြီး သံကူကွန်ကရစ် (၂) ထပ်အဆောက်အဦဖြစ်ကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတသည် ထန်တလန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးရာ အမြဲတမ်းအတွင်းဝန် ဦးရွှေလေး နှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးတို့က လုပ်ငန်းပြီးစီးမှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ရေရှည်ကာလကိုမျှော်မှန်း၍ အဆောက်အဦများ တည်ဆောက်ရာတွင် မြေနေရာကို စနစ်တကျစီမံခန့်ခွဲ အသုံးချသွားရန်လမ်းညွှန် မှာကြားသည်။
သတင်းစဉ်