မန္တလေး ၁၄  ဩဂုတ် 

 

မန္တလေးမြို့အပါအ၀င် အထက်မြန်မာပြည်အတွက် ကုန်စည်ရောင်း၀ယ်ဖောက်ကားမှု အဓိကကျရာ ဈေးတစ်ခုဖြစ်သည့် အဆင့်မြင့် ဈေးချိုတော် အဆောက်အဦကို ဩဂုတ်လကုန်မှ စတင်ကာ မီးအာမခံနှင့် မြေငလျင်အာမခံများ ထားရှိတော့မည်ဖြစ်ကြောင်း အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင် အဖွဲ့ထံမှ သိရသည်။

 

မီးအာမခံနှင့် မြေငလျင်အာမခံထားရှိနိုင်ရေးအတွက် မြန်မာ့အာမခံလုပ်ငန်းသို့ ပေးသွင်းရမည့် တစ်နှစ်စာ ပရီမီယံငွေကျပ်သိန်း (၃၅၀)ကို ဈေးအကျိုးတော်ဆောင်အဖွဲ့ရန်ပုံငွေမှ ဦးစွာစိုက်သွင်းသွားမှာဖြစ်ပြီး ဈေးသူဈေးသားများ ထံမှ လစဉ်ပြန်လည် ကောက်ယူသွားမည်ဖြစ်ကာ ကောက်ခံမည့်နှုန်းထားအနေဖြင့် မြေညီထပ်ရှိ ဆိုင်ခန်းများကို တစ်ခန်းကို ငွေကျပ်(၁၅၀၀)နှုန်း၊ ပထမထပ်ရှိ ဆိုင်ခန်းများအား တစ်ခန်းကို ငွေကျပ်(၁၂၀၀)နှုန်းနဲ့ ဒုတိယထပ်ရှိ ဆိုင်ခန်းများကို တစ်ခန်းကို ငွေကျပ်(၈၀၀)နှုန်းဖြင့် လစဉ်ပုံမှန်ကောက်ခံသွားမည်ဖြစ်သည်။

 

မန္တလေးမြို့ရှိ အဆင့်မြင့်ဈေးချိုတော်ကြီးတွင် ဈေးရုံပေါင်း(၈)ရုံ၊ ဈေးဆိုင်ခန်းပေါင်း(၃၂၀၀)ကျော် ဖွင့်လှစ်ရောင်းချနေပြီး သဘာ၀ဘေးဒဏ်တစ်စုံတစ်ရာဖြစ်ပွားပါက အမြန်ဆုံးပြန်လည်ထူထောင်နိုင်ရေးအတွက် အာမခံထားရှိရခြင်းဖြစ်ကြောင်း သိရသည်။

 

#MRTV