ပဲခူး ၁၅ ဩဂုတ်
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဩဂုတ် ၁၄ ရက် နံနက်ပိုင်းက တောင်ငူခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးထက်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရေတာရှည်မြို့ အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်သည့် မူလွန်-စိမ့်ရွာကျောင်းဆောင် အပြီးသတ်ဆောက်လုပ်နိုင်ရေးနှင့် ကျေးရွာမီးလင်းရေးအတွက် အလှူငွေများပေးအပ်ခြင်း အခမ်းအနားသို့တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး Myanmar Top Business Group Co.Ltd ဥက္ကဌ၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဉက္ကဋ္ဌ ဦးတင်မောင်နိုင်က စာသင်ကျောင်းဆောင် ဆောက်လုပ်ရန် အလှူငွေ ကျပ်(၇၄)သိန်းနှင့် ကျေးရွာမီးလင်းရေး အတွက် အလှူငွေကျပ်သိန်း(၅၀)တို့ကို ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ညိုဝင်း နှင့် ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဌ ဦးစန်းလွင် တို့ထံ ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြသည်။
ထို့နောက် ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ကျေးလက်ဒေသများ လျှစ်စစ်မီးလင်းရေးအတွက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေး နေမှုအခြေအနေများအား သက်ဆိုင်ရာဌာနအလိုက်တင်ပြမှုများအပေါ် ဝန်ကြီးချုပ်ဦးဝင်းသိန်းက ဆောင်ရွက်ရန်လိုအပ်ချက်များကို ပြန်လည်ရှင်းလင်းဆွေး နွေးခဲ့ကြောင်းသိရသည်။
တင်စိုး(ပဲခူး)


