ပင်လည်ဘူး  ၁၅   ဩဂုတ်

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် CERP အစီအစဉ်ဖြင့် တစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ ဖြင့် ဆောင်ရွက်နေသော (Cash for Work) စီမံကိန်းလုပ်ငန်းများ ၆၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်ထွန်းဇော်ထံမှ သိရသည်။

 

ပင်လည်ဘူးမြို့နယ်တွင် (Cash for Work) စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်‌နေသည့် ကျေးရွာများမှာ တံတားကိုင်းကျေးရွာ၊ အလယ်စုကျေးရွာ၊ ဟန်ဖဲကျေးရွာ၊ သာစည်ကျေးရွာ၊ ဝါးရုံသာကျေးရွာနှင့် ဥသျှစ်ကုန်းကျေးရွာတို့ဖြစ်ပြီး တံတားကိုင်းကျေးရွာနှင့် အလယ်စုကျေးရွာတွင် ရွာတွင်းလမ်းများ ဂျင်းမြေခင်းခြင်း၊ ဟန်ဖဲကျေးရွာတွင် ရွာတွင်းလမ်းဘေး ရေနှုတ်မြောင်းတူးဖော်ခြင်း၊ ဂါလန် ၂၀၀၀ ဆံ့ ရေကန်တည်ဆောက်ခြင်းနှင့် ပိုက်လိုင်းသွယ်တန်းခြင်း၊ သာစည်ကျေးရွာတွင် ရွာတွင်းလမ်းဂျင်း‌မြေခင်းခြင်းနှင့် ရေနုတ်မြောင်းတူးဖော်ခြင်း၊ ဝါးရုံသာကျေးရွာတွင် ကျေးရွာဘော့လုံးကွင်း တည်ဆောက်ခြင်း၊ ဥသျှစ်ကုန်းကျေးရွာတွင် ရွာတွင်းလမ်းဂျင်းမြေခင်းခြင်းနှင့် ရေနုတ်မြောင်း တူးဖော်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများကို ဩဂုတ်လကုန်တွင် အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ပြီး (Cash for Work) စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေမှုမှာ ၆၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်း ကိုက်ညီရေးတို့ကို မြို့နယ်ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်ထွန်းဇော်နှင့်ဝန်ထမ်းများ ကွင်းဆင်းကြီးကြပ်‌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးလွင်(ပင်လည်ဘူး)